ချောင်းသာမှာ သင်္ကြန်ကာလအတွက် ဟိုတယ်တွေ ဘိုကင်ပြည့်နေပြီး လက်ရှိတော့ လည်ပတ်သူ အနည်းငယ်သာရှိ
ဧရာဝတီတိုင်းရဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ ချောင်းသာမှာ လက်ရှိလာရောက်သူ နည်းပါးနေပြီး လာမယ့်သင်္ကြန်ပိတ်ရက် ကာလအတွက် ကြိုတင်အခန်း မှာယူသူတွေ အရင်နှစ်တွေလိုပဲ များနေတာကြောင့် ဟိုတယ်တွေ ဘိုကင်ပြည့်နေပြီလို့ ချောင်းသာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဟိုတယ်အခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ဆန်းကတည်းက သင်္ကြန်ကာလအတွက် စတင်ငှားရမ်း ထားကြတာဖြစ်ပြီး ဟိုတယ်တွေအပြင် Guest House တွေလည်း ဘိုကင်ပြည့်နေပြီလို့ စုံစမ်းသိရှိရပါတယ်။
“ ဒီရက်တွေထဲတော့ ၄-၅ ခန်းလောက်ရှိသေးတယ်။ သင်္ကြန်အတွက်ကတော့ ဘိုကင်အကုန်ပြည့် နေပါပြီ” လို့ နယူးချောင်းသာ ဟိုတယ်နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။
လက်ရှိမှာ ရိုးရိုး နှစ်ယောက်ခန်းကို ခုနစ်သောင်းခွဲရှစ်သောင်း ရှိပြီး Sea View ဆိုရင် ကျပ်တစ်သိန်းခွဲ အနည်းဆုံးရှိတယ်လို့ သိရတဲ့အပြင် သင်္ကြန်ကာလအတွက်တော့ ဟိုတယ်နဲ့ Guest House တွေမှာ လက်ရှိဈေးနှုန်းထက် နှစ်ဆ သုံးဆ ဝန်းကျင် ပိုများတယ်လို့ သိရပါတယ်။
ဟိုတယ်အများစုမှာ ဧပြီလအတွက် Special package တွေရှိသလို အခြား package တွေလည်းရှိနေပြီး သင်္ကြန်ကာလ အတွက် ဘိုကင်တင်ရာမှာတော့ စရံငွေကြိုတင်ပေးရကာ စရံငွေမပေးထားပါက အခန်းရနိုင်ဖို့ မသေချာတော့ဘူးလို့လည်း သိရပါတယ်။
“ သင်္ကြန်အတွက်လှမ်းမေးတာ မရတော့ဘူးပြောတယ်၊ အကုန်ပြည့်ပဲ။ ဈေးနှုန်းလဲ အဆမတန်များတယ် အဲဒါကြောင့် သင်္ကြန်မတိုင်ခင်ပဲ သွားတော့မယ်” လို့ ချောင်းသာ ကိုအပန်းဖြေခရီးသွားရောက်မယ့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
လက်ရှိမှာတော့ ချောင်းသာမှာ ဈေးဆိုင်ခန်း တချို့ပိတ်ထားဆဲဖြစ်ပြီး လာရောက်လည်ပတ်သူ ရှိနေတယ်ဆိုပေမဲ့ အနည်းအကျဉ်းသာရှိနေပြီး မနှစ်ကလောက်တော့ မများဘူးလို့ ဒေသခံတွေဆီကနေ စုံစမ်းသိရရှိပါတယ်။
ကမ်းခြေမှာတော့ ဈေးရောင်းချသူတွေတော့ အများဆုံးတွေ့ရှိရပြီး လာရောက် အပန်းဖြေ လည်ပတ်သူတော့ သိပ်မတွေ့ရဘူးလို့ ချောင်းသာကမ်းခြေကိုရောက်ရှိနေသူတစ်ဦးဆီကနေလည်း သိရပါတယ်။
“ ကမ်းခြေမှာတော့ ခရုဆွဲကြိုးရောင်းတဲ့သူ၊ အသုပ်သည်၊ အကင်သည်၊ မြင်းသမားတွေ၊ ဘနားနားလက်မှတ် ရောင်းတဲ့ ကလေးတွေကများနေတာပါ။ လူရှင်းပါတယ် “ လို့ ချောင်းသာကမ်းခြေ အလည်ရောက်ရှိခဲ့သူ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ် ဧရာဝတီတိုင်းထဲဝင်ရောက်လာတာကြောင့် ချောင်းသာကမ်းခြေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ချောင်းသာဒေသခံအများစု စစ်ရှောင်နေကြပြီး ချောင်းသာကမ်းခြေ အပန်းဖြေခရီးစဉ်ဖျက်သိမ်းမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ စစ်ရိပ်စစ်ခြေလျော့ကျသွားတဲ့ အချိန်မှာ ဒေသခံတွေပြန်ဝင်ရောက်လာကြသလို ဖေဖော်ဝါရီလဆန်းပိုင်းက စတင်လို့ အပန်းဖြေခရီးထွက်တဲ့သူတွေလည်း တဖြေးဖြေး လာရောက် လည်ပတ်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ သာပေါင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေကြလို့ စစ်ကောင်စီက စစ်ကြောင်းထိုးတာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက် ခုခံနေရပါတယ်။
ပုံစာ – ချောင်းသာကမ်းခြေကို မတ်လ ၂၀ရက်နေ့ ညနေပိုင်းက မြင်ရပုံ