ဂန္တဝင်အဆိုတော် ခင်ညွန့်ရည် ကွယ်လွန်

မြန်မာသံစဉ် ဂန္တဝင်အဆိုတော် ခင်ညွန့်ရည် ဟာ မနေ့ ဖေဖေါ်ဝါရီ ၂၀ရက်နေ့ ည ၁၁နာရီ ၁၅မိနစ်ခန့်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သမီးဖြစ်သူ အဆိုတော် အိုပြည့်ရှင်က သူ့ရဲလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကာလရှည်ကြာ အဆုတ်ကင်ဆာရောဂါ ခံစားနေရတဲ့ အဆိုတော် ခင်ညွန့်ရည်ဟာ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနမှာ ဆေးဝါးကုသမှု ခံယူနေရင်း ဆုံးပါးခဲ့တာပဲဖြစ်ပါတယ်။
“အမေ (အညာသူကြီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့အနုအညာ သူချစ်တဲ့ပရိတ်သတ်များ
ကို ထာဝရစွန့်ခွာသွားပါပီ”လို့ သမီးဖြစ်သူ အဆိုတော် အိုပြည့်ရှင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။
အဆိုတော် ခင်ညွန့်ရည်ဟာ မြန်မာသံစဉ် ကက်ဆက်ခွေပေါင်း တစ်ရာကျော်ထိ ထွက်ရှိခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ကာ သူ့ရဲ့ ဆောင်းအမီ၊ လက်ပံပွင့်ကောက်အရောက်လာမယ် ၊ နှင်းဆီမလေး ချစ်ပုံပြင်၊ ပန်းနဲ့ပေါက်တာလည်း နာချင်တယ်၊ မိုးတစိမ့်စိမ့်၊ ချစ်ရသည်က အသက်ထက်ဆုံး သီချင်းတွေဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။
သူကွယ်လွန်ချိန်မှာ အသက် (၇၅)နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ ဈာပနအစီအစဉ်ကိုတော့ မိသားစု ပြောဆိုထုတ်ပြန်လာတာ မရှိသေးပါဘူး။