ချင်းမှာ စစ်ကောင်စီတပ် လနဲ့ချီကုန်စည်သယ်ယူခွင့်ကန့်သတ်ထားလို့ ကုန်ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်းအဆမတန်မြင့်တက်နေ

Author ဆလိုင်း
Categories
Published on Dec 21, 2024

ချင်းတစ်ပြည်လုံးမှာ စစ်ကောင်စီတပ်ဘက်က လနဲ့ချီကြာ ကုန်စည်သယ်ယူခွင့် ကန့်သတ်ပိတ်ဆို့ထားတာကြောင့် ကုန်ပစ္စည်း ရှားပါးပြတ်လပ်ပြီး ဈေးနှုန်းအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံ၊ စစ်ဘေးရှောင်နဲ့ ယာဉ်မောင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

ဟားခါး၊ ထန်တလန်၊ ဖလမ်း စတဲ့မြို့သိမ်းတိုက်ပွဲတွေကြောင့် ကလေးမြို့ကနေ ချင်းပြည်မြောက်ပိုင်းမြို့တွေဆီတင်ပို့တဲ့ ကုန်စည်တွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က စတင် ကန့်သတ်ထားသလို ချင်းပြည်တောင်ပိုင်းက မြို့တွေမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး ကန့်သတ်ထားတယ်လို့ CJ Platform က သိရပါတယ်။

 

အဲဒီလို ကန့်သတ်မှုကြောင့် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်လာပြီး ကုန်စျေးနှုန်းတွေကလည်း အရင်ကထက် ပိုမိုမြင့်တက်လာတယ်လို့ အသက် ၅၀ နှစ်အရွယ် ဟားခါးဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အရင်ကလို ကိုယ်ဝယ်ချင်တဲ့ ကုန်ပစ္စည်းတွေ စျေးဆိုင်တွေမှာ ဝယ်လို့မရဘူး။ ဝယ်လို့ရတဲ့ပစ္စည်းတွေဆိုလည်း ကိုယ်ဝယ်ယူချင်သလောက် ဝယ်ယူလို့မရဘူး။ ရှိတဲ့ကုန်ပစ္စည်းတွေလည်း အရင်စျေးနဲ့မရတော့ဘဲ စျေးပိုပေးရတယ်” လို့ သူက ပြောပါတယ်။

 

ဆန်အပါအဝင် စားသောက်ကုန်တွေ ရှားပါးပြတ်လပ်လာတဲ့အတွက် ဟားခါးမြို့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေက CJ Platform ကို ပြောပါတယ်။

 

ဒါပေမဲ့ ကလေးမြို့ကနေ ချင်းပြည်မြောက်ပိုင်းကို ဆန်အပါအဝင် အဓိကစားသောက်ကုန် တင်ပို့မှု စစ်ကောင်စီတပ်က လေးလကြာထိ ဖြေလျှော့မပေးသေးဘဲ ကန့်သတ်နေဆဲဖြစ်တယ်လို့ ဟားခါး – ဖလမ်း – ကလေး ပြေးဆွဲနေတဲ့ အသက် ၄၆ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အခုအချိန်ထိ ဆန်အိတ်အပြည့် တင်လို့မရသလို အိမ်ဆောက်ပစ္စည်းတွေလည်း တင်လို့ မရသေးဘူး။ သူတို့ မသိအောင် ခိုးတင်ရတာမျိုးရှိတယ်။ အရင်ကလို မစစ်ဆေးတာပဲရှိတယ်။ ဒါပေမဲ့ သူတို့သိသွားရင် ပစ္စည်းပြန်ချခိုင်းတာတွေ၊ ကားပြန်လှည့်ခိုင်းတာတွေက ရှိနေသေးပါတယ်” လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီတပ်က ကလေးမြို့ကနေ ချင်းပြည်မြောက်ပိုင်းမြို့တွေကို ဆန်၊ စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး စတဲ့ကုန်စည်တွေကို တင်ပို့ခွင့်ပိတ်ပင်ထားတဲ့အပြင် တခြားကုန်စည်တွေကိုလည်း ပမာဏကန့်သတ်ထားတယ်လို့ သိရပါတယ်။

 

ချင်းပြည်မြောက်ပိုင်းက ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ထန်တလန် စတဲ့မြို့တွေဟာ ကုန်စည်တွေကို ကလေးမြို့ကနေ အဓိက ဝယ်ယူတင်သွားတာဖြစ်ပါတယ်။

 

ချင်းပြည်မြောက်ပိုင်း အခြေခံစားသောက်ကုန်စျေးကွက်အတွင်း အရင် အိုင်အိုဒင်းဆား တစ်ထုတ် ၆,၀၀၀ ကျပ်ကနေ အခု ၈,၀၀၀ ကျပ်ကို၊ ငပိ တစ်ပိဿာ ၇,၀၀၀ ကျပ်ကနေ အခု ၉,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၇၀၀၀ ကျပ်ကနေ အခု ၈,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၉,၀၀၀ ကျပ်ကနေ အခု ၁၀,၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၇,၀၀၀ ကျပ်ကနေ အခု ၈,၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၁၀,၀၀၀ ကျပ်ကနေ အခု ၁၁,၅၀၀ ကျပ်၊ အသား တစ်ပိဿ ၂၈,၀၀၀ ကျပ်ကနေ အခု ၃၀,၀၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၇,၀၀၀ ကျပ်ကနေ အခုစျေး ၇,၅၀၀ ကျပ်၊ ဆန်တစ်အိတ် ၉၀,၀၀၀ ကျပ်ကနေ အခု ၁၂၀,၀၀၀ ကျပ်၊ ဓာတ်ဆီ တစ်ဂါလံ ၆,၀၀၀ ကျပ်ကနေ အခု ၇,၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

 

အလားတူ မင်းတပ်မြို့သိမ်းတိုက်ပွဲနဲ့အတူ မကွေးတိုင်း၊ ဆောနဲ့ ချောက်မြို့နယ်တို့ကနေ ချင်းပြည်တောင်ပိုင်းမြို့တွေဆီ ကုန်ပစ္စည်းတင်သွင်းခွင့်ကိုလည်း စစ်ကောင်စီတပ်က ဆက်လက်ပိတ်ဆို့ထားတဲ့အတွက် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်လာတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်လာတယ်လို့ အသက် ၃၀ နှစ်ဝန်းကျင် ကန်ပက်လက်ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒီဘက်ကမြို့တွေက ဆောနဲ့နီးတဲ့အတွက် ဆောဘက်ကနေ အဓိက တင်သွင်းကြတယ်။ ချောက်ဘက်က ဝယ်ယူတာလည်းရှိတယ်။ အရင်က ဆောမြို့ကနေ ကုန်စည်တွေ ဝယ်ယူပြီး ကိုယ့်မြို့နယ်တွေမှာ ဖြန့်ဝေရောင်းချလို့ရတယ်။ အခုတော့ ပြန်ရောင်းချဖို့ တင်လို့မရတော့ဘူး။ ကိုယ်စားသောက်ဖို့လောက်ပဲ ဝယ်လို့ရတော့တယ်” လို့ သူမက ပြောပါတယ်။

 

ချင်းပြည်တောင်ပိုင်းကမြို့တွေဟာ အရင်ကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် သယ်ယူစရိတ် ကြီးမြင့်တဲ့အပြင် အခုအခါ ကုန်စည်သယ်ယူခွင့် ကန့်သတ်ထားတဲ့အတွက် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်လာကာ ကုန်စျေးနှုန်းတွေ ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။

 

အရင်က ချင်းပြည်တောင်ပိုင်း မတူပီ၊ ကန်ပက်လက်၊ မင်းတပ် စတဲ့မြို့တွေဟာ ကုန်စည်တွေကို မကွေးတိုင်း၊ ဆော၊ ချောက်၊ ဂန်ဂေါမြို့ကနေ ဝယ်ယူတင်သွင်းကြသလို ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်က ဝယ်ယူတင်သွင်းကြပြီး အခုအခါ ရခိုင်ပြည်မှာ ကုန်စည်တွေ ပြတ်လပ်လာတဲ့အတွက် ဆောမြို့ကနေ ခက်ခက်ခဲခဲ ဝယ်ယူတင်သွင်းရတယ်လို့ ဆိုပါတယ်။

 

ချင်းပြည်တောင်ပိုင်းက အခြေခံစားသောက်ကုန်စျေးကွက်အတွင်း စက်သုံးဆီ တစ်ဂါလံ ၇,၀၀၀ ကျပ်ကနေ အခု ၁၅,၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၁၀၀,၀၀၀ ကျပ်ကနေ အခု ၁၄ဝ,၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၁၂,၀၀၀ ကနေ အခု ၁၄,၀၀၀ ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုတ် ၈,၀၀၀ ကျပ်နေ အခု ၈,၅၀၀ ကျပ်၊ ငပိ တစ်ပိဿာ ၈,၀၀၀ ကျပ်ကနေ အခု ၈,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၈,၀၀၀ ကျပ်ကနေ အခု ၁၀,၀၀၀ ကျပ်အထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ဟားခါးမြို့တွင်း တစ်နေရာကို တွေ့မြင်ရစဥ်

 

Related News

Depend on news