ဥရောပထိပ်တန်းလိဂ်ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ
အက်စတွန်ဗီလာ – မန်စီးတီး (စနေနေ့ည ၇ နာရီ)
ဗီလာအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲရှုံးနဲ့ ခြေစွမ်းပြန်လည် တည်ငြိမ်လာတယ်လို့ ဆိုရမှာပါ။ လက်ရှိ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ က မန်စီးတီးနဲ့ ၂ မှတ်သာ ကွာတဲ့အခြေအနေဖြစ်လို့ ဒီပွဲသာ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် မန်စီးတီးရဲ့အပေါ်မှာ ရပ်တည်နိုင်မှာပါ။ ချန်ပီယံလိဂ်မှာလည်း အဆင့် ၅ မှာရပ်တည်နေနိုင်တဲ့ ဗီလာအတွက်က အိမ်ကွင်းမှာ ဖိအားမရှိဘဲ မန်စီးတီးကို ရင်ဆိုင်ရမှာပါ။ မန်စီးတီးကတော့ နောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရှိတဲ့အခြေအနေဆိုးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားရမှာပါ။ နောက်ဆုံး ၂ ပွဲဆက်မှာ ဂျူဗင်တပ်စ်နဲ့ မန်ယူကို ရှုံးထားခဲ့တာဖြစ်လို့ ဒီပွဲဟာ ဂွာဒီယိုလာနဲ့အသင်းသားတွေအတွက် သေရေးရှင်ရေးလို ကစားရမှာပါ။ ဒါပေမဲ့ ခံစစ်ကြောင်းမှာ ရူဘင်ဒီယက်စ်ကလည်း ပါနိုင်ဦးမှာမဟုတ်လို့ မန်စီးတီးတို့ နိုင်ပွဲပျောက်ဦးမယ်ဆိုရင်လည်း အံ့ဩစရာမရှိပါဘူး။
ခန့်မှန်းချက် – ဗီလာ ၁-၁ မန်စီးတီး
****************************************
မန်ယူ – ဘုန်းမောက် (တနင်္ဂနွေည ၈ နာရီခွဲ)
မန်ယူရဲ့ခြေစွမ်းဟာ နည်းပြအမော်ရင်လက်ထက်မှာ တိုးတက်လာနေတယ်ဆိုပေမဲ့ ယုံစားရခက်တဲ့အခြေအနေမှာ ရှိနေတုန်းပါပဲ။ ပြီးခဲ့တဲ့အပတ်မှာ မန်စီးတီးကိုအနိုင်ရခဲ့ပြီး ကြားရက်မှာတော့ စပါးကို ရှုံးခဲ့ပါတယ်။ မန်စီးတီး၊ စပါးတို့လိုအသင်းတွေနဲ့ တစ်ပတ်အတွင်း ၂ ပွဲဆက်ကစားထားရတာဟာ ပွဲပန်းမှုဒဏ်ကို အနည်းနဲ့အများတော့ ခံစားနေရမှာပါ။ ဘုန်းမောက်က ခြေစွမ်းပိုင်း တည်ငြိမ်တဲ့အသင်းဖြစ်ပြီး ဒီရာသီမှာ အာဆင်နယ်၊ မန်စီးတီးနဲ့ စပါးကို အနိုင်ယူပြထားပါတယ်။ ဒါပေမဲ့ အဲဒါက အိမ်ကွင်းစွမ်းဆောင်ရည်ပါ။ အဝေးကွင်းရောက်ရင် ကစားပုံပျက်ယွင်းတတ်လို့ အိမ်ရှင် မန်ယူတို့ အသာရနိုင်ပါတယ်။ ဘုန်းမောက်ရဲ့ ခံကစားအားကြောင့် မန်ယူတို့ အခက်တွေ့နိုင်ပေမဲ့ အာမတ်တို့ ခြေစွမ်းပြပြီး ဂိုးသွင်းခြေတွေ့နေတာကြောင့် အိမ်ကွင်းမှာ ကပ်ပြီး အနိုင်ရသွားဖို့ များပါတယ်။
ခန့်မှန်းချက် – မန်ယူ ၂-၁ ဘုန်းမောက်
****************************************
ဘာစီလိုနာ – အက်သလက်တီကို (တနင်္ဂနွေနံနက် ၂ နာရီခွဲ)
ဒီတစ်ပတ်ထိပ်တန်းလိဂ်တွေထဲ စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ဖြစ်လာမှာပါ။ ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တယ်ဆိုပေမဲ့ အက်သလက်တီကိုထက် တစ်ပွဲပိုကစားထားပြီး ရမှတ်တူနေတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ ဒီပွဲမှာ အနိုင်ရအောင် ကစားနိုင်မှ ဖြစ်မယ့်အခြေအနေပါ။ ဘာစီလိုနာဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာထဲမှာ တည်ငြိမ်မှု ပျောက်ဆုံးသွားခဲ့ပြီး မထင်မှတ်ထားတဲ့ပွဲစဉ်တွေမှာ ခြေချော်တတ်ပါတယ်။ အက်သလက်တီကိုကတော့ အောက်တိုဘာလနောက်ပိုင်း ပြိုင်ပွဲစုံမှာ ၁၁ ပွဲဆက်တိုက် အနိုင်ရထားတဲ့အထိ ခြေစွမ်းပိုင်း ကောင်းမွန်နေတဲ့အသင်းဖြစ်ပါတယ်။ ရာဖင်ညာ၊ လီဝန်ဒေါစကီးတို့ဦးဆောင်တဲ့ ဘာစီလိုနာတိုက်စစ်နဲ့ ဂရက်ဇ်မန်း၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ အားပြိုင်မှုကိုလည်း မြင်တွေ့ရမှာပါ။ အက်သလက်တီကိုရဲ့ခြေစွမ်းက ပိုပြီး တည်ငြိမ်နေတာကြောင့် ဘာစီလိုနာအနေနဲ့ အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်ရဖွယ်ရှိနေပါတယ်။
ခန့်မှန်းချက် – ဘာစီလိုနာ ၁-၁ အက်သလက်တီကို
****************************************
ရီးရဲလ်မက်ဒရစ် – ဆီဗီလာ (တနင်္ဂနွေည ၉ နာရီ ၄၅ မိနစ်)
ဇယားထိပ်က နှစ်သင်းတွေ့ဆုံနေချိန်မှာ တတိယနေရာက ရီးရဲလ်အတွက် အခွင့်ကောင်းယူရမယ့်ပွဲစဉ်ပါပဲ။ စနေညမှာ ဘာစီလိုနာနဲ့ တီကိုတို့ ဘယ်လိုရလဒ်ထွက်ပေါ်လာသည်ဖြစ်စေ ရီးရဲလ်အတွက် အမြတ်ချည်းပါပဲ။ တကယ်လို့များ သူတို့နှစ်သင်းသရေကျသွားခဲ့တယ်ဆိုရင် ရီးရဲလ်အနေနဲ့ ဆီဗီလာကို အနိုင်ရရုံနဲ့ ဇယားထိပ်ကို တက်လှမ်းနိုင်မှာပါ။ ဒီလိုအနေအထားကို အိမ်ကွင်းမှာ အမှားခံမှာမဟုတ်ပါဘူး။ ဆီဗီလာက အဆင့် ၁၁ မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ခြေစွမ်းပိုင်း တည်ငြိမ်မှုအားနည်းပါတယ်။ ဘာစီလိုနာကို ၅ ဂိုးပေးခဲ့ရသလို အက်သလက်တီကို ကိုလည်း ၄ ဂိုးပေးခဲ့ရတဲ့ ခံစစ်ဟာ ရီးရဲလ်တိုက်စစ်ကို သေချာပေါက် သွင်းဂိုးတွေခွင့်ပြုရဦးမှာပါ။ ရီးရဲလ်တို့ အနိမ့်ဆုံး ၂ ဂိုးပြတ်အနိုင်ရသွားပါလိမ့်မယ်။
ခန့်မှန်းချက် – ရီးရဲလ်မက်ဒရစ် ၃-၁ ဆီဗီလာ
****************************************
စပါး – လီဗာပူးလ် (တနင်္ဂနွေည ၁၁ နာရီ)
စပါးကတော့ လီဗာပူးလ်ကို ချန်ပီယံခြေစွမ်း ဟုတ်မဟုတ် စမ်းသပ်ဦးမယ့်သဘောပါပဲ။ ပိုစတီကိုဂလူးရဲ့ စပါးဟာ အသင်းငယ်တွေနဲ့တွေ့ချိန်မှာ ခြေချော်တတ်ပေမဲ့ အသင်းကြီးတွေကို အနိုင်ကစားပြထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ကြားရက်မှာလည်း မန်ယူခံစစ်ကြောင်းကို လေးဂိုးအထိ သွင်းပြထားခဲ့တာပါ။ စပါးရဲ့ အားနည်းချက်က ခံစစ်ပိုင်းဖြစ်ပြီး ဒါကို သေချာပေါက်ပြင်ဆင်လာဖို့ လိုအပ်ပါတယ်။ လီဗာပူးလ်ကတော့ နယူးကာဆယ်၊ ဖူလ်ဟမ်တို့နဲ့ ၂ ပွဲဆက်သရေကျထားခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရှာဖို့ လိုအပ်နေခဲ့ပါပြီ။ လီဗာပူးလ်တိုက်စစ်အနေနဲ့လည်း ဘယ်ခံစစ်ကြောင်းကို မဆိုဂိုးသွင်းနိုင်စွမ်းရှိနေလို့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဦးမှာပါ။ တိုက်စစ်ခြင်းအားပြိုင်မယ့်ပွဲမျိုးဖြစ်ပြီး သရေနဲ့ ကျေနပ်ရဖွယ်ရှိနေပါတယ်။
ခန့်မှန်းချက် – စပါး ၂-၂ လီဗာပူးလ်
ဓာတ်ပုံ – Opta, Twitter