မိုးကြောင့် စစ်ကိုင်းက ကြက်သွန်စိုက်တောင်သူတွေ နှစ်ခါပြန် အထိနာ
အညာဒေသ စစ်ကိုင်းတိုင်းအတွင်း စပါးထက် ဈေးကောင်းရတဲ့ ကြက်သွန်စိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်သူတွေ အထိနာခဲ့ရတယ်လို့ သူတို့တွေက CJ Platform ကို ပြောပါတယ်။
တဖန် ပြန်လည်စိုက်ပျိုးရာမှာလည်း ဒေသအခေါ် ကတ္တားစေ့လို့ခေါ်တဲ့ ကြက်သွန်မျိုးစေ့စျေးနှုန်းတွေ နှစ်ဆမြင့်တက်သွားတာကြောင့် တောင်သူတွေအတွက် နှစ်ခါပြန်အထိနာခဲ့ရတယ်လို့ သူတို့က ပြောပါတယ်။
“မျိုးစေ့ပျိုးကာလက တစ်လလောက်ကြာတယ်။ ဒီလစိုက်ဖို့ အရင်လက ပျိုးတာက အပျက်အစီးရှိလို့ ထပ်၀ယ်ရတာ။ ကတ္တားစေ့ တစ်ပြည်စျေးကို နှစ်သိန်းပေးခဲ့ရတယ်” လို့ စစ်ကိုင်းမြို့နယ်က ကြက်သွန်စိုက်တောင်သူ ကိုခိုင်စိုးက CJ Platform ကို ပြောပါတယ်။
တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မိုးသည်းထိန်စွာရွာသွန်းခဲ့တာကြောင့် အခုနိုဝင်ဘာလအတွင်း စိုက်ပျိူးရမယ့် ပျိုးပင်တွေဆုံးရှုံးခဲ့ရတဲ့အတွက် ဒီလထဲ မျိုးစေ့တွေကို စျေးအမြင့်နဲ့ ပြန်လည်၀ယ်ယူပြီး ထပ်မံစိုက်ပျိုးနေကြရတယ်လို့ သိရပါတယ်။
“မိုးကြီးတော့ အကုန်ပျက်စီးတာ။ ပထမတစ်ခါက ပျိုးပင်တွေ၀ယ်စိုက်ခဲ့တာ။ ဆယ်သိန်းရှုံးခဲ့တာ။ ခုတစ်ကျော့ကျ အစေ့၀ယ်ပြီးပြန်ပျိုးထားဆဲပဲ။ စျေးကတော့ နှစ်သိန်းစျေးပဲ။ ကာမိအောင်တော့ အခုကြက်သွန်ပေါ်ရင် စျေးကောင်းရဖို့မျှော်ရမှာပဲ” လို့ ရေဦးဒေသခံ အသက် ၅၂ နှစ်အရွယ် ဒေါ်၀င်းက CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကြက်သွန်မျိုးစေ့ တစ်ပြည်ကို ကျပ်တစ်သိန်း၀န်းကျင်အထိ မြင့်တက်ခဲ့တဲ့အပြင် နို၀င်ဘာလထဲမှာတော့ ကျပ် ၂၀၀,၀၀၀ အထိ ဆက်လက်မြင့်တက်လာတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
ကြက်သွန်နီမျိုးစေ့ စျေးနှုန်းမြင့်တက်ရခြင်းဟာ လက်ရှိကြက်သွန်စျေးကွက်အတွင်း လက်ကျန်ကြက်သွန်တွေ စျေးနှုန်းမြင့်တက်မှုကြောင့်ဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်က ကြက်သွန်နီစိုက်ပျိုးသူ အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းမြို့ကြက်သွန်စျေးကွက်အတွင်း အရင် ကြက်သွန်နီ(အကြီး)တစ်ပိဿာ ၂၅၀၀ ကျပ်ကနေ အခုနိုဝင်ဘာ တတိယပတ်အတွင်း ၅၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကြက်သွန်နီ(အလတ်)တစ်ပိဿာ ၃၀၀၀ ကျပ်နဲ့ အသေးတစ်ပိဿာ ၁၀၀၀ ကျပ်ဈေးအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
အညာဒေသမှာ ဆောင်းကြက်သွန်နီကို နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်နဲ့ ဧပြီလတွေမှာ ရိတ်သိမ်းလေ့ရှိတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – အညာဒေသ စစ်ကိုင်းတိုင်းအတွင်းက ကြက်သွန်စိုက်ခင်းတစ်ခုကို တွေ့မြင်ရစဉ်