ပုလဲမြို့တွင်းက လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ် ပစ္စည်းတွေယူပြီး မီးတင်ရှို့နေ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့အတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီလေကြောင်းရန်တွေကြောင့် မြို့ခံသောင်းနဲ့ချီ ၁၀ ရက်လောက်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရချိန် လူမရှိတဲ့အိမ်တွေကို စစ်ကောင်စီတပ်က ပစ္စည်းတွေယူပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။
အဲဒီမြို့တွင်းက နေအိမ်တွေကို တိုက်ပွဲတွေ ငြိမ်သက်ခဲ့တဲ့ နို၀င်ဘာ ၁၄ ရက်ကနေ ယမန်နေ့ နို၀င်ဘာ ၂၀ ရက်အထိ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
နေအိမ်ဘယ်လောက်အထိ မီးရှို့ဖျက်ဆီးခံထားရလဲဆိုတာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ပုလဲမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့အတွက် မသိရသေးဘူးလို့ သူတို့က ပြောပါတယ်။
“အဲဒီကောင်တွေက မြို့ထဲရှိနေတာ။ မီးရှို့တယ်။ ရမ်းပစ်တာတွေရှိတယ်။ အန္တရာယ်များလို့ ပြည်သူတွေကိုတောင် ပြန်မလွှတ်ဘဲထားတယ်။ တားထားတယ်ပေါ့။ စကစတွေ မြို့ထဲရှိနေတာကြောင့်ပါပဲ” လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်စိုးဝင်းက ပြောပါတယ်။
ယမန်နေ့ နို၀င်ဘာ ၂၀ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်က ပုလဲမြို့ပေါ်နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ အသက် ၄၀ ခန့်အရွယ် စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာ ၁၁ ရက်ကစလို့ လေးရက်ဆက် ပုလဲမြို့ပေါ် နဲ့ တဝိုက်မှာ ဗမအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။
အဲဒီနောက် မြို့ကိုခေတ္တထိန်းချုပ်နိုင်ခဲ့ပေမဲ့ နို၀င်ဘာ ၁၄ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်စိုးမိုးထားပါတယ်။
အဲဒီနေ့ကစပြီး စစ်ကောင်စီတပ်က ပုလဲမြို့ပေါ်က နေအိမ်တွေမီးရှို့ဖျက်ဆီးတာနဲ့ လက်နက်ကြီး/ငယ်တွေ ရမ်းသမ်းပစ်ခတ်တာတွေ နေ့စဥ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီမှာ တိုက်ပွဲစတင်ချိန်ကစပြီး မြို့ခံတွေနဲ့ ကျေးရွာ ၂၀ ခန့်က ဒေသခံ နှစ်သောင်းခန့် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ၁၁ ရက်ကြာမြင့်ပြီဖြစ်ပါတယ်။
စစ်ကောင်စီက လေးရက်တာတိုက်ပွဲအတွင်း လေကြောင်းကနေ အကြိမ် ၅၀ ထက်မနည်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံ့ပန်း ၂၅ ဦးနဲ့အတူ လက်နက်ခဲယမ်းအမြောက်အမြား ရရှိခဲ့တယ်လို့ BNRA က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ပြီးခဲ့တဲ့ နို၀င်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ပုလဲမြို့တွင်း မီးရှို့ဖျက်ဆီးနေတာကို တွေ့မြင်ရစဥ်