ရခိုင်က ကလေးငယ်တွေ အာဟာရချို့တဲ့မှုနဲ့ နာမကျန်းဖြစ်မှု များပြား

Author သုတ
Categories
Published on Nov 21, 2024

ရခိုင်ပြည်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မြို့နယ်တွေက ကလေးငယ်အများစုဟာ ရခိုင်တိုက်ပွဲ တစ်နှစ်တာကာလအတွင်း အာဟာရချို့တဲ့မှုနဲ့ နာမကျန်းဖြစ်မှုတွေ ပိုမိုဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

စားသောက်ကုန် စျေးအဆမတန်ကြီးမြင့်မှုနဲ့ အာဟာရပြည့်ဝအောင် မစားသောက်နိုင်မှုတွေကြောင့် ကလေးငယ်တွေမှာ အခုလို အာဟာရချို့တဲ့မှုတွေ ရှိနေတာလို့ ဆိုပါတယ်။

 

“စစ်ဘေးရှောင်တွေကလည်း အလုပ်မရှိ၊ ဝင်ငွေမရှိကြတဲ့ အခါကျ ကလေးအမေတွေ၊ ကလေးတွေက တကယ်ကို သနားစရာကောင်းတယ်။ ကောင်းကောင်း ဝယ်မစားနိုင်ကြဘူး။ ကလေးအမေတွေ နို့မထွက်တာတွေလည်း ကြားရတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်က လူမှုရေးလှုပ်ရှားနေသူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက လမ်းတွေ ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ကုန်ပစ္စည်းနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ကြုံတွေ့နေရပြီး ကလေးငယ်တွေအတွက် ဆေးဝါးဝယ်ယူရာမှာလည်း အခက်အခဲတွေ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ဆောင်းရာသီရောက်လာတော့ ဖျားနာတာ ပိုဖြစ်ကြတယ်။ ဆေးတွေကလည်း စျေးကြီးတာအပြင်ကိုမှ တော်ရုံဆေး ရှာမရဘူး။ တချို့ဆို စျေးကြီးလွန်းလို့ ဆေးလည်း ဝယ်မတိုက်နိုင်ကြဘူး” လို့ မြောက်ဦးမြို့မှာ နေထိုင်တဲ့ အသက် ၃၀ ကျော် ကလေးမိခင်တစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် အသက် ၂ နှစ်အောက် ကလေးငယ်တွေမှာ ဝက်သက်ကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှော၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ အခြားကာကွယ်ဆေး အမျိုးအစားတွေကို ထိုးပေးဖို့ လိုအပ်နေတယ်လို့လည်း သိရှိရပါတယ်။

 

“အခု ကလေးအများစု ကာကွယ်ဆေးမထိုးနိုင်ဘူး။ ဆေးဝါးလည်း မလုံလောက်တာတွေရှိတယ်။ အေအေ အနေနဲ့လည်း လုံလုံလောက်လောက် မလုပ်ပေးနိုင်သေးတဲ့ အပိုင်းတွေလည်း ရှိတာပေါ့လေ”လို့ စစ်တွေမြို့ကနေ ကျောက်တော်မြို့ကို စစ်ဘေးရှောင်လာတဲ့ အသက် ၂၉ နှစ်အရွယ် သူနာပြုတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ ရခိုင်ပြည်အတွင်း စစ်ကောင်စီက လမ်းတွေအားလုံးကို ပိတ်ဆို့ဖြတ်တောက်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေလို့  ကလေးငယ်တွေဟာ ကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးလည်း ထိခိုက်နေရတယ်လို့ ဆိုပါတယ်။

 

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ဟာ ကလေးများနေ့ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေကတော့ စစ်ဘေးတွေ၊ သဘာဝဘေးတွေကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။

 

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ထုတ်ပြန်ချက်အရ စစ်ပွဲနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မြန်မာကလေးငယ် ခြောက်သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – UNICEF

 

ပုံစာ – ကမ္ဘာ့ကလေးများနေ့အတွက် UNICEF က နာဂတ်ကို ကလေးတွေ ဦးဆောင်နေကြောင်း ထုတ်ပြန်ထားပုံ