ဗြိတိန်-ပြင်သစ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဒုံးကျည်ကို ပထမဆုံးသုံးပြီး ယူကရိန်းက ရုရှားကိုတိုက်ခိုက်
ယူကရိန်းနိုင်ငံဟာ အမေရိကန်လုပ် တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားပြည်တွင်းထဲအထိ ပစ်ခတ်တိုက်ခိုက်ပြီး တစ်ရက်ကျော်အကြာ နိုဝင်ဘာ ၂၀ ရက်နေ့မှာပဲ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Storm Shadow လို့ခေါ်တဲ့ ဒုံးကျည်တွေကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုပြီး ရုရှားပြည်တွင်း ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။
ယူကရိန်းဟာ ဗြိတိန်ဘက်က ပေးထားတဲ့ ဒုံးကျည်တွေနဲ့ ရုရှားပိုင်နက်ကို ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို အတည်ပြုပြောဆိုခဲ့သလို ဗြိတိန်သတင်းဌာနတွေကလည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒုံးကျည်တွေ အသုံးပြုခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်အူမာရော့ (Rustem Umerov) ကတော့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်လုပ် ဒုံးကျည်တွေ အသုံးပြုမှုကို အတည်လည်းမပြုသလို ငြင်းလည်း မငြင်းဆန်ခဲ့ပါဘူး။
“ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ ရှိသမျှ နည်းလမ်းတွေကို သုံးနေပါတယ်။ ဒါကြောင့် အသေးစိတ်တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ တုံ့ပြန်နိုင်တဲ့ စွမ်းရည်နဲ့ အစွန်းအစရှိတယ်ဆိုတာပဲ ပြောပါရစေ” လို့ ဗြိတိန်လုပ် ဒုံးကျည်တွေသုံးပြီး ရုရှားပိုင်နက်ထဲ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို သူက အခုလိုပဲ ဖြေကြားခဲ့တာပါ။
ဒါ့အပြင် “ကျွန်တော်တို့ နိုင်ငံကို ကာကွယ်သွားမှာဖြစ်ပြီး ရှိသမျှ နည်းလမ်းတွေနဲ့ ပြန်လည်တိုက်ခိုက်သွားမှာပါ”လို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
ရုရှား စစ်ဘလော့တစ်ခုကလည်း တယ်လီဂရမ်မှာ Storm Shadow ဒုံးကျည်အစိတ်အပိုင်း ဓာတ်ပုံတွေကို တင်ခဲ့ပြီး ရုရှားရဲ့ ကာ့ရှ်ဒေသကို ဒုံးကျည် ၁၂ လုံးအထိ ပစ်လွှတ်ခဲ့တယ်လို့ ယမန်နေ့ကပဲ ရေးသားခဲ့ပါတယ်။
ရုရှားဘလော့ (Blog) ရဲ့ အဆိုအရ အဆိုပါ ဒုံးကျည်အစိတ်အပိုင်းတွေကို ယူကရိန်းနယ်စပ်ကနေ ၃၅ မိုင်ခန့် အကွာမှာရှိတဲ့ ရုရှားပိုင် မာရီနိုရွာမှာ ရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒုံးကျည်အစိတ်အပိုင်းတွေ ပေါ်မှာလည်း “Storm Shadow” လို့ ထွင်းထားတဲ့ စာသားတွေ တွေ့ရှိရပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူ အကြီးတန်းအရာရှိဟောင်း ထရေဗာဘောကတော့ CNN သတင်းဌာနရဲ့ တောင်းဆိုချက်အရ ဓာတ်ပုံတွေကို စစ်ဆေးပေးခဲ့ပြီး အဲဒီ အစိတ်အပိုင်းတွေဟာ Storm Shadow ဒုံးကျည်ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ CNN အနေနဲ့ တယ်လီဂရမ်ပေါ်က ဓာတ်ပုံတွေဟာ ယမန်နေ့က ရိုက်ကူးခဲ့ခြင်း ဟုတ်မဟုတ်ကတော့ သီးခြားအတည်မပြုနိုင်ဘူးလို့ ဖော်ပြထားပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ အရင်က ယူကရိန်းနိုင်ငံအတွင်း အသုံးပြုနိုင်ဖို့အတွက်ပဲ တာဝေးပစ် Storm Shadow ဒုံးကျည်တွေ ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။ အခုဒုံးကျည်တွေဟာ အမေရိကန်လုပ် တာဝေးပစ်ဒုံး ATACMS ရောက်ရှိနိုင်တဲ့ အကွာအဝေး ၁၈၆ မိုင်ထက် ရောက်ရှိမှုပိုနည်းပြီး ၁၅၅ မိုင် အကွာအဝေးအထိပဲ ပစ်လွှတ်နိုင်တယ်လို့ သိရပါတယ်။
BBC ရဲ့ သံတမန်ရေးရာ သတင်းဖောက် ပေါလ်အဒမ်က ယမန်နေ့မှာပဲ “ယူကရိန်းတပ်တွေဟာ သူတို့တွေ နယ်မြေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ကာ့ရှ်ဒေသအတွင်းမှာပဲ Storm Shadow ဒုံးကျည်တွေကို အကန့်အသတ်နဲ့ သုံးစွဲခဲ့တာပါ”လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိမှာ သတင်းတွေက မရှင်းလင်းသေးကြောင်းနဲ့ ဘယ်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်လဲ မရှင်းလင်းသေးပေမဲ့ Storm Shadow ဒုံးကျည်တွေဟာ အလွန်တိကျပြီး မြေအောက် ဘန်ကာခံတပ်တွေကိုတောင် ထိုးဖောက်ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားရှိတယ်လို့လည်း မှတ်ချက်ပြု ရေးသားခဲ့ပါတယ်။
Storm Shadow ဒုံးကျည်ဟာ ဗြိတိန်နဲ့ ပြင်သစ်တို့ ၁၉၉၄ ခုနှစ်ကတည်းက စတင်ပြီး ပူးပေါင်းထုတ်လုပ်ထားတဲ့ ရေဒါနဲ့ ထိန်းချုပ်ပစ်လွှတ်နိုင်တဲ့ ခရုဇ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး အကွာအဝေး ၁၅၅ မိုင် (၂၅၀ ကီလိုမီတာ) အထိ ပစ်လွှတ်နိုင်ပါတယ်။
ခေတ်မီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အဆင့်မြင့် လက်နက်တစ်မျိုးဖြစ်တာကြောင့် အလွန်တိကျသလို မြေအောက်ဘန်ကာခံတပ်တွေကိုပါ ထိုးဖောက်ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။