မြိုင်မှာ ပျူစောထီးတွေ မတရားသိမ်းထားတဲ့ ပြည်သူပိုင် ကားနှစ်စီးကို ပြည်သူထံ ပြန်ပေးမယ်

Author မင်းထက်
Categories
Published on Oct 21, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေ မတရားသိမ်းထားတဲ့ ပြည်သူပိုင်ကားနှစ်စီးကို အခုလ အောက်တိုဘာ ၁၉ ရက်နေ့မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးရမိပြီးနောက် အဲဒီကားတွေကို ပြည်သူတွေထံ ပြန်လည်အပ်နှင်းသွားမယ်လို့ စုံစမ်းသိရှိရှိပါတယ်။

 

ဖမ်းဆီးရမိတဲ့ ကားနှစ်စီးဟာ မြိုင်မြို့နယ်၊ သရက်ကွပျူစောထီးကျေးရွာကို ရိက္ခာပို့မဲ့ Light Truck ကားနှစ်စီးဖြစ်တယ်လို့ သိရှိရပြီး ကားမောင်းသူတွေကိုပါ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် တပ်မ (၁၀၁) က စစ်ကောင်စီတပ်သားတွေဟာ ပျူစောထီးရွာတွေကို ရိက္ခာပို့ဖို့ ပြည်သူပိုင်ကားတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းရပြီးနောက် သူတို့လာမဲ့ လမ်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်စောင့်ဆိုင်း ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

 

“ကားနဲ့ ရိက္ခာတွေကိုတော့ ထိန်းသိမ်းထားပါသေးတယ်။ လူတွေကိုတော့ အာမခံနဲ့ ပြန်လွှတ်ထားပါတယ်။ ကားတွေကိုတော့ ပြန်ပေးနိုင်အောင် စီစဥ်မှာပါ။ ဒီကားအပြင် ဖမ်းထားတာ ရှိနိုင်တယ်”လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အနောက်ပိုင်းဇုန်) ရဲ့ ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးက  CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်သားတွေက ပခုက္ကူ မြို့ပေါ်ကို စျေးဝယ်သွားတဲ့ ပြည်သူတွေရဲ့ ကားတွေကို မတရားဖမ်းဆီးတတ်ပြီး ရိက္ခာပို့ခိုင်းတာတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ ကားပေါ်ပါ အရပ်သားတွေက ပြောပါတယ်။

 

ဖမ်းဆီးရမိတဲ့ ရိက္ခာပို့ ကားပေါ်မှာ အမျိုးသားသုံးဦး၊ အမျိုးသမီး  တစ်ဦးကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကာ ကားနှစ်စီး၊ ဆန်အိတ်အလုံး ၅၀ နဲ့ ဆားတစ်အိတ်တို့ကို သိမ်းယူထားတယ်လို့ ဆိုပါတယ်။

 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိ ပျူစောထီးရွာတွေကို ကာကွယ်ရေးအဖွဲ့တွေက လမ်းကြောင်း ပိတ်ဆို့ပြီး ရိက္ခာ ဖြတ်တောက်တာတွေ ဆောင်ရွက်နေတာကြောင့် စစ်ကောင်စီက  ပြည်သူတွေရဲ့ ကားတွေကို အသုံးပြုပြီး ရိက္ခာ ပို့ဆောင်တာတွေနဲ့ လေကြောင်းကနေ ပို့ဆောင်တာတွေကိုပါ ပြုလုပ်နေကြတာပါ။

အောက်တိုဘာ ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးရွာကို စစ်ကောင်စီတပ်က Y8 အမျိုးအစား လေယာဥ်နဲ့ ရိက္ခာထုပ်တွေ ချပေးခဲ့ပေမဲ့ အဲဒီ ရိက္ခာထုပ်တွေကို ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

 

ဒါ့အပြင် ကာကွယ်ရေးတပ်တွေရဲ့ ရိက္ခာဖြတ်တောက်ရေး၊ စစ်ဆေးရေးတွေကြောင့် ပျူရွာမှာရှိတဲ့ ဒေသခံတွေဟာ ရိက္ခာပြတ်လပ်တဲ့ အခက်အခဲတွေ ကြုံနေရပြီး တချို့က  တော်လှန်ရေးအဖွဲ့တွေထံ ခိုလှုံလာတာတွေရှိတယ်လို့ သိရှိရပါတယ်။

 

ရိက္ခာပြတ်တောက်မှုတွေကြောင့် မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ရွှေဘိုမြို့နယ်တွေက ရွာသူ၊ ရွာသားတွေဟာ ကာကွယ်ရေးအဖွဲ့တွေထံ လာရောက်ခိုလှုံကြပြီး လက်ရှိမှာ ခိုလှုံသူ ထောင်ချီရှိနေတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေဆီက စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အနောက်ပိုင်းဇုန်)

ပုံစာ – ဖမ်းဆီးရမိတဲ့ ကားနှစ်စီးနဲ့ ရိက္ခာတွေကို တွေ့ရစဉ်။