အမေရိကန်ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ ခန့်မှန်းရခက်နေဆဲ

Author အဂ္ဂ
Categories
Published on Oct 21, 2024

လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပတော့မယ့် အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲဟာ နှစ်ပတ်ဝန်းကျင်ပဲလိုပါတော့တယ်။

 

ဒါပေမဲ့ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ကမ်မလာဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်တို့နှစ်ယောက်မှာ ဘယ်သူနိုင်မလဲဆိုတာ အခုအချိန်ထိ ကြိုတင်ခန့်မှန်းဖို့ ခက်နေဆဲဖြစ်တယ်လို့ အမေရိကန်နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

 

မီချီဂန်၊ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ်စ်ကွန်ဆင် စတဲ့နေရာတွေဟာ ဒီမိုကရက်တွေအတွက် အောင်မြေတွေဖြစ်ပါတယ်။ အဲဒီနယ်မြေတွေမှာ ဒီမိုကရက်တွေ အမြဲအနိုင်ရလေ့ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

 

ဒါပေမဲ့ အဲဒီနယ်မြေတွေမှာကိုပဲ အကြိုစစ်တမ်းရလဒ်တွေအရ ဟဲရစ်ဟာ ထရမ့်ထက် တစ်မှတ်လောက်ပဲ အသာရနေတဲ့ အနေအထားဖြစ်ပါတယ်။

 

ဒါကြောင့် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲဟာ ဘယ်လောက်ပြိုင်ဆိုင်မှု ပြင်းထန်မယ်ဆိုတာကို တွေ့မြင်နိုင်သလို ဘယ်သူနိုင်သွားမလဲဆိုတာ ခန့်မှန်းဖို့မလွယ်ကူတဲ့ အခြေအနေဖြစ်စေပါတယ်။ အဲဒီပြည်နယ်သုံးခုမှာ အခုလိုဖြစ်တာက နှစ်ပေါင်း ၅၀ အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း စစ်တမ်းတွေက ဆိုပါတယ်။

 

အဲဒီပြည်နယ်သုံးခုမှာ ဟဲရစ်အနိုင်ရခဲ့ရင် သမ္မတဖြစ်ဖို့လိုအပ်တဲ့ မဲအရေအတွက်ရဖို့ အခြေအနေကောင်းပေမဲ့ နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲ အကြိုစစ်တမ်းမှာ သမ္မတလောင်း နှစ်ဦးကြားမှာ ဘယ်သူကမှ တစ်ဦးကို တစ်ဦး ငါးမှတ်နဲ့အထက်ပိုပြီး အသာရမနေတဲ့ အခြေအနေဖြစ်နေတာကလည်း အနိုင်ရမယ့်သူကို ခန့်မှန်းရပိုခက်စေပါတယ်။

 

ဒါဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

 

နောက်တစ်ချက်ကတော့ မဲဆန္ဒရှင်တွေရဲ့ အကြိုက်တွေပြောင်းနေတာကလည်း ရွေးကောက်ပွဲ ရလဒ်ကို ကမောက်ကမဖြစ်သွားစေနိုင်ပါတယ်။ ဥပမာ- ထရမ့်ကို လူမည်းတွေ၊ လူငယ်အမျိုးသားတွေက ပိုပြီးထောက်ခံလာနေချိန်မှာ အမေရိကန်ရဲ့ ပထမဦးဆုံး အမျိုးသမီး၊ လူမည်းနဲ့ အာရှအမေရိကန်နွယ်ဖွား ဒုတိယ သမ္မတ ဟဲရစ်ကို လူဖြူအမျိုးသမီးတွေက ပိုပြီးထောက်ခံလာနေတာမျိုးပါ။

 

ဒါတွေကလည်း ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းရခက်စေတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

 

ပါတီတွင်းစာရင်းသွင်းမှုမှာလည်း အဓိကပြိုင်ဆိုင်ရမယ့် ပြည်နယ်တွေမှာ ဒီမိုကရက်တွေထက် ရီပတ်ဘလီကန်ပါတီက စာရင်းသွင်းမှု ပိုများပေမဲ့ ထရမ့်ကိုပဲ အကုန်လုံးက မဲပေးမယ့်အခြေအနေမျိုး ဟုတ်မနေပါဘူး။ ဥပမာ- ပန်ဆယ်ဗေးနီးယားမှာ ဒီမိုကရက်တွေထက် ရီပတ်ဘလီကန်တွေက အရေအတွက်ပိုများနေပေမဲ့ ဟဲရစ် အနိုင်ရရှိနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

 

မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှုကလည်း ရွေးကောက်ပွဲအပေါ် အများကြီးသက်ရောက်နိုင်ပါတယ်။ လက်ရှိမှာ မဲဆန္ဒရှင်အားလုံးရဲ့ ၆၇ ရာခိုင်နှုန်းက ဒီရွေးကောက်ပွဲဟာ သူတို့တွေရဲ့ ဘဝအတွက် အရေးပါတဲ့ ရွေးကောက်ပွဲလို့ ထင်မြင်ကြပါတယ်။ ထရမ့်ကို ထောက်ခံသူ ၇၂ ရာခိုင်နှုန်းနဲ့ ဟဲရစ်ကို ထောက်ခံသူ ၇၀ ရာခိုင်နှုန်းတို့က အခုလိုမျိုး ထင်မြင်ကြတာလို့ စစ်တမ်းတွေအရ သိရပါတယ်။

 

ဒါ့အပြင် မဲဆန္ဒရှင်အားလုံးရဲ့ ၅ ရာခိုင်နှုန်းလောက်ဟာ ဘယ်သူ့ကို မဲပေးရမလဲ အခုချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။ ဒါဟာလည်း ရွေးကောက်ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ထဲက လေးပုံတစ်ပုံလောက်ကပဲ ရွေးကောက်ပွဲဟာ သူတို့ဘဝအတွက် အရေးကြီးတယ်လို့ ထင်မြင်နေတာကလည်း စိတ်ဝင်စရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

 

ဒါပေမဲ့‌ရွေးကောက်ပွဲအကြိုရလဒ်နဲ့ စစ်တမ်းတွေဟာ လက်တွေ့နဲ့တော့ ကွာခြားနေတတ်ပါတယ်။ စစ်တမ်းတွေဟာ တကယ့်ရလဒ်နဲ့ ပျှမ်းမျှအားဖြင့် ၃ ဒသမ ၄ မှတ်လောက်ကွာခြားတတ်ပြီး တစ်ခါတစ်ရံမှာတော့ ၉ ဒသမ ၄ မှတ်ထက်ပိုပြီးကို ကွာခြားနိုင်ပါတယ်။ ဒါကြောင့် စစ်တမ်းတွေကိုပဲ ကြည့်ပြီး ရလဒ်တွေကို ခန့်မှန်းဖို့ကလည်း လွယ်ကူတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။

 

အပေါ်ကအချက်တွေကြောင့် လက်ရှိအချိန်ထိ အမေရိကန်သမ္မတ ဘယ်သူဖြစ်လာမလဲဆိုတဲ့ ကိစ္စဟာ ခုချိန်ထိ ခန့်မှန်းတွက်ချက်ရခက်နေဆဲပါ။ ထရမ့်ကပဲ တကျော့ပြန် နိုင်သွားနိုင်သလို ဟဲရစ်ကလည်း ပထမဦးဆုံး အမျိုးသမီးသမ္မလည်း ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲပြီးတဲ့ည ဒါမှမဟုတ် တစ်ပတ်ကျော်ကြာတဲ့ထိ ဘယ်သူအနိုင်ရမလဲ သေချာမသိနိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

 

တကယ်လို့ ထရမ့်အနိုင်ရခဲ့ရင်တော့ ၂၀ ရာစုအလယ်ပိုင်းကစလို့ ဒုတိယလူကြိုက်အနည်းဆုံး သမ္မတဖြစ်လာမှာပါ။ ပထမလူကြိုက်အနည်းဆုံး သမ္မတကတော့ ၂၀၁၆ ခုနှစ်မှာ သမ္မတဖြစ်ခဲ့တဲ့ သူကိုယ်တိုင်ပဲဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

 

ဓာတ်ပုံ- Getty Images

 

CNN သတင်းဌာနရဲ့ Why nobody knows who will win the 2024 election? ကို ဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

 

Related News

Depend on news