ရန်ကုန်မှာ သန်းခေါင်စာရင်းကောက်ယူပြီး ပြန်လာတဲ့ ကျောင်းဆရာမ လုယက်ခံရ

Author ကိုထက်
Categories
Published on Oct 21, 2024

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက သန်းခေါင်စာရင်းကောက်ယူအပြီး စက်ဘီးနဲ့ အိမ်ပြန်လာတဲ့ ကျောင်းဆရာမတစ်ဦး လုယက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက် စက္ကဝတ် (၂) လမ်းထဲကို စက်ဘီးနဲ့ ပြန်လာစဉ်မှာ ဆိုင်ကယ်နဲ့ လူနှစ်ဦးက လုယက်သွားတာဖြစ်တယ်လို့ အဲဒီလမ်းမှာ နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“သူက ဒီလမ်းထဲနေတာတော့ မဟုတ်ဘူး။ ဒီ စက္ကဝတ်ထဲပဲ နေတာပဲ။ စက်ဘီးနဲ့ ဖြတ်ပြန်လာတာကို ကျောပိုးအိတ်ကို ဆိုင်ကယ်နဲ့ ယောက်ျားနှစ်ယောက်က လုသွားတာ။ အထဲမှာ Tablet တွေ ဖုန်းတွေ ပါမှာပေါ့”လို့ စက္ကဝတ် (၂) လမ်းနေ အမျိုးသားက CJ Platform ကို ပြောပါတယ်။

လုယူခံရသူ ကျောင်းဆရာမဟာ မြောက်ဥက္ကလာ အမှတ် ၄၃ မူလတန်းကျောင်းက ဆရာမ တစ်ဦးဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

 

“မိသွားတယ်လည်း ပြောတယ်။ သေချာတော့ ဦးလေးလည်း မသိဘူး။ စစ်တပ်ကပါ လိုက်ရှာဖမ်းတာ။ သူတို့သန်းခေါင်စာရင်းကောက်တဲ့ ပစ္စည်းတွေ၊ စာရွက်စာတမ်းတွေပါတော့ အဲဒီလောက်လိုက်ဖမ်းတာ။ သာမန်လုယက်ဆို မိတယ်ဆိုတာ မရှိပါဘူး”လို့ စက္ကဝတ် (၂) လမ်းနေ အမျိုးသားက ဆက်ပြောပါတယ်။

 

သန်းခေါင်စာရင်းကောက်ယူရမှာ  စစ်ကောင်စီ လက်အောက်ခံ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက)၊ မြို့နယ်ထွေအုပ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်၊ နေ့စားစာရင်း ကောက်ပေးသူတွေနဲ့ လူဦးရေစာရင်း ကောက်ယူ‌မှု ကြီးကြပ်ရေးကော်မတီဝင်တွေ ပါဝင်နေသလို စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ မြို့နယ်ရဲတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

 

သန်းခေါင်းစာရင်းကောက်ယူမှုဟာ အောက်တိုဘာလ ၁၅ ရက်အထိပြုလုပ်မှာဖြစ်တယ်လို့ ကြေညာထားပေမဲ့ မပြီးပြတ်သေးတာကြောင့် အောက်တိုဘာလကုန်အထိ ရက်ထပ်တိုးပြီး စစ်ကောင်စီက ကောက်ယူနေပါတယ်။

 

စစ်ကောင်စီဟာ လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြည်လုံးကျွတ် သန်းစာရင်းကောက်ယူဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက အပြင်းအထန် ကြိုးပမ်းနေခဲ့တာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – သန်းခေါင်စာရင်း ကောက်ယူနေပုံ။