တစ်ညလုံး မိုးကြီးလို့ ရန်ကုန်မှာ ‌အိမ်တွေထဲအထိ ရေဝင်နစ်မြုပ်နေ လေဖိအားနည်းရပ်ဝန်းကြောင့် ရှမ်းနဲ့ ကချင်ကလွဲပြီး ဒေသအများစု မိုးကြီး/လေပြင်းတိုက်နိုင်

Published on Oct 21, 2024

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်မြို့မှာ အောက်တိုဘာလ ၂၀ ရက် ညပိုင်းကစလို့ မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် အိမ်ထဲတွေအထိ ရေဝင်နစ်မြုပ်မှုတွေဖြစ်ပေါ်နေပါတယ်။

အခု အောက်တိုဘာလ ၂၁ ရက် မနက် ၄ နာရီလောက်ကစပြီး ရန်ကုန်ရဲ့ အနိမ့်ပိုင်းနဲ့ မြစ်/ချောင်းနားက မြို့နယ်တွေဖြစ်တဲ့ တာမွေ၊ ကမာရွတ်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ မြောက်ဒဂုံ မြို့နယ်တွေရှိ ရပ်ကွက်တွေထဲ နေအိမ်တွေအတွင်းထိ ရေဝင်ရောက်လာတာဖြစ်တယ်လို့ CJ Platform ရဲ့ ရန်ကုန်မြို့ခံ Citizen Journalist က သတင်းပေးပို့ပါတယ်။

“ရေက ညကရွာတော့လည်း မတက်သေးဘူး။ အခုမနက်မှ ဗြုန်းစားကြီးတက်လာတာ။ ပစ္စည်းတွေလည်း အမြန်ရွှေ့လိုက်ရတယ်။ မိုးကတော့ အခု(မနက် ၁၁ နာရီကျော်)ရွာနေသေးတယ်။ သုံးရက်တက်မယ်လို့လည်း ပြောနေကြတယ်” လို့ လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန် အောက်တိုဘာ ၂၂ ရက်နေ့မှာ မုန်တိုင်းငယ်အဆင့် ရောက်ရှိနိုင်ပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလနဲ့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

 

လက်ရှိ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေးရက်အတွင်း ကချင်နဲ့ ရှမ်းပြည်ကလွဲပြီး ဒေသအများစုမှာ မိုးကြီးလေပြင်းတိုက်နိုင်တယ်လို့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီမိုးဇလက အထူးမိုးလေဝသသတင်းအနေနဲ့ ထုတ်ပြန်လာပါတယ်။

 

ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်လို့ သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။

 

ဓာတ်ပုံ – ကိုထက်

 

ပုံစာ – ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်တစ်ခုအတွင်း ရေဝင်နစ်မြုပ်နေတာကို တွေ့မြင်ရစဉ်