တရုတ်စစ်တပ်က စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ခတ်လို့ဆို

Author အဂ္ဂ
Categories
Published on Oct 21, 2024

 

တရုတ်စစ်တပ်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရုရှားထုတ် MiG-29 တိုက်လေယာဉ်ကို တရုတ်-မြန်မာ နယ်စပ်အနီးမှာ ပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းတွေ ဖော်ပြလေ့ရှိတဲ့ Bulgarianmilitary.com က ရေးသားဖော်ပြသလို ပစ်ခတ်မှုရုပ်သံတစ်ခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

 

ညပိုင်းမှာရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ထဲမှာ လေယာဉ်ပစ်ကျည်တွေ ကောင်းကင်ထဲကို ပစ်လွှတ်နေတာကို တွေ့ရပြီး လေယာဉ်ကိုတော့ ရှင်းရှင်းလင်းလင်းမြင်ရတာမျိုးတော့မရှိပါဘူး။ ရုပ်သံထဲကစစ်သားတွေဟာ တရုတ်ဘာသာစကားပြောဆိုနေတာဖြစ်တဲ့အတွက် ဒါဟာ တရုတ်-မြန်မာနယ်စပ်အနီးမှာ တော်လှန်ရေးအင်အားစုတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီတိုက်လေယာဉ်ကို တရုတ်စစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တချို့သတင်းဌာနတွေက ရေးသားနေကြပါတယ်။ လတ်တလော ဒီသတင်းကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

 

တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော်(AA) နဲ့ စစ်ကောင်စီတပ်နဲ့ အပစ်ရပ်ထားတဲ့ UWSA တို့လို လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်လှုပ်ရှားနေတာကြောင့် စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ဘယ်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့လည်းဆိုတာတော့ မသိရှိရသေးပါဘူး။

 

အောက်တိုဘာ ၁၉ ရက်နေ့မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တည်ရှိရာ မြို့တစ်မြို့ဖြစ်တဲ့ ပန်ဝါမြို့ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တယ်လို့ KIA ဘက်က အတည်ပြုပြောဆိုထားပါတယ်။

 

ကချင်ပြည်အခြေစိုက် သတင်းဌာန The 74 Media ပန်ဝါမြို့သိမ်းပိုက်ပြီးနောက် အောက်တိုဘာ ၂၀ ရက်နေ့ မနက်အစောပိုင်း နှစ်နာရီလောက်မှာ တရုတ်-မြန်မာ နယ်စပ်က KIA ဌာနချုပ် လိုင်ဇာအနီးနားကို စစ်ကောင်စီရဲ့ MiG-29 တိုက်လေယာဉ်နှစ်စင်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လမိုင်ယန်ကျေးရွာက အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်တိုက်ခတ်ချိန်မှာ တရုတ်ဘက်ခြမ်းက မီးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲက Screenshot နဲ့တကွ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာလည်း လိုင်ဇာမြို့ကို ဗုံကြဲတိုက်ခိုက်စဉ်မှာ စစ်ကောင်စီလေယာဉ်က တရုတ်နိုင်ငံဘက်ခြမ်းကို ဝင်ရောက်သွားတာကြောင့် အချက်ပြမီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

 

ဒါကြောင့် ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ဟာ မီးကျည်နဲ့ ပစ်ခတ်ခဲ့တာလား တကယ့်ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာလားတော့ သီးခြားအတည်ပြုနိုင်ဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။

 

စစ်ကောင်စီဟာ တရုတ်-မြန်မာနယ်စပ် မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ရင်း တရုတ်ပိုင်နက်ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာမျိုးတွေရှိသလို လေပိုင်နက်ကျော်လွန်ပြီး ဝင်ရောက်သွားမှုတွေလည်း ဖြစ်လေ့ရှိပါတယ်။

 

လက်ရှိမှာတော့ အခုကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကရော စစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

 

 

ဓာတ်ပုံ – Twitter

 

ပုံစာ – တရုတ်စစ်တပ်ကလို့ ယူဆရတဲ့ လေယာဉ်ပစ်ခတ်မှုကို တွေ့မြင်ရစဉ်

 

ကိုးကား – Bulgarianmilitary.com