တောင်ငူလေတပ် တိုက်ခိုက်ခံရမှု လေတပ်အရာရှိ တစ်ဦးအပါအဝင် လေးဦး သေဆုံးလို့ဆို

Published on Oct 21, 2024

ပဲခူးတိုင်း အရှေ့ခြမ်း၊ တောင်ငူမြို့ရှိ လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လေတပ်အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ရှစ်ဦးမှာ လေတပ်အရာရှိနှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

 

မစ်ရှင်ကို Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်ပြီး NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က ည ၈ နာရီ ၂၃ မိနစ်ခန့်မှာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာတာပါ။

 

စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံး  ပစ်ခတ်ခဲ့ရာ နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရှော့ဒုံး နှစ်လုံးထဲက တစ်လုံးက မော်တော်ယာဥ် ဂိုဒေါင်ပေါ်ကိုကျပြီး နောက်တစ်လုံးက လေယာဥ်သိုလှောင်ရုံပေါ် ကျတယ်။ စိတ်ချရတဲ့ သတင်းရင်းမြစ်တွေဆီက သိရတာပါ”လို့ ၎င်းက ရှင်းပြပါတယ်။

 

လေယာဉ်သိုလှောင်ရုံထဲက ရဟတ်ယဥ်ဒလက်နဲ့ မှန်ကွဲပြီး  နောက်အမြီးပိုင်းပျက်စီးခဲ့တဲ့အပြင် Y-12 အမျိုးအစား လေယာဉ်တစ်စင်း ပျက်စီးသွားခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

“မစ်ရှင်တွေက တစ်ကြိမ်ထက်တစ်ကြိမ် လုပ်တာလည်းများလာတော့ ပုံမှန်လုံခြုံရေးတင်းကျပ်နေတာကနေ ပိုပိုကျပ်လာတယ်။ ဒါကြောင့် နောက်ပိုင်းမစ်ရှင်တွေက ပိုပိုပြီး ခက်ခဲလာပါတယ်။ တစ်ကြိမ်ထက်တစ်ကြိမ်ပိုပိုပြီး စိန်ခေါ်မှုတွေများလာပါတယ်ခင်ဗျာ”လို့ BWM တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ သုံးကြိမ်၊ လက်နက်ငယ်တွေ အနီးအနားဝန်းကျင်တွေကို ပစ်ခတ်ခဲ့ပြီး စစ်ကား ငါးစီးနဲ့ လုံခြုံရေး မြှင့်တင်ဆောင်ရွက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

တောင်ငူလေတပ်ဟာ ကရင်ပြည်၊ ကရင်နီ (ကယား) ပြည်နဲ့ ရှမ်းတောင်တို့ရှိ တော်လှန်ရေးအင်အားစုတွေကို အဓိက ဗုံးကြဲချတိုက်ခိုက်နေတဲ့ လေတပ်စခန်း တစ်ခု ဖြစ်တာကြောင့်  BWM အနေနဲ့ ဆက်လက်ပြီး အရှိန်အဟုန် တိုးမြင့်ကာ တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

 

တောင်ငူလေတပ်စခန်းဟာ ၂၀၂၄ ခုနှစ် မတ်လ၊ မေလနဲ့ ဩဂုတ်လတွေမှာ တစ်ကြိမ်စီ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီး အခုအောက်တိုဘာလဟာ လေးကြိမ်မြောက် တိုက်ခိုက်မှုဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

 

ဓာတ်ပုံ  – BWM

 

ပုံစာ – တောင်ငူလေတပ်စခန်းကို တိုက်ခိုက်နေစဉ်။