ရုံးမတက်ရဲတဲ့ ရွေးကော်ဝန်ထမ်းတွေ ရွေးကောက်ပွဲအတွက် နေ့စဉ်ရုံးတက် ပြင်ဆင်နေရ
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့အတွက် ၂၀၂၅ ခုနှစ်အဝင်မှာပဲ ရွေးကောက်ပွဲ ကော်မရှင်ဝန်ထမ်းတွေအားလုံး ရွေးကောက်ပွဲအတွက် ရုံးထိုင်နေရာတွေ အပြောင်းအလဲလုပ်ကာ ပြင်ဆင်နေရပြီဖြစ်တယ်လို့ CJ Platform အနေနဲ့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်ရှိ ရွေးကောက်ပွဲကော်မရှင် UEC ဝန်ထမ်းတွေဟာ ရန်ကုန်ရုံးမှာ တွဲဖက်ရုံးထိုင်နေရပြီး ရှမ်းမြောက်က ဝန်ထမ်းတွေ မန္တလေးရုံးမှာ ရုံးထိုင်နဲ့ ချင်းပြည်က ဝန်ထမ်းတွေကတော့ စစ်ကိုင်းမှာ ရုံးထိုင်နေရတယ်လို့ ဆိုပါတယ်။
“ရှမ်းမြောက်လည်း ရခိုင်လိုပဲ ရွေးကောက်ပွဲလုပ်ဖို့ဆိုပြီး မန္တလေးရုံးမှာ မဲစာရင်းတွေ ထိုင်ပြုစုနေတယ်။ ရူးနေကြပြီ”လို့ CDM UEC ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ အဝေးရောက် UEC အဖြစ်နဲ့ သူတို့စိတ်ကြိုက် ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ဆောင်ချင်နေတယ်လို့ သိရှိရပါတယ်။
ရခိုင်ပြည်တွင်း အာရက္ခတပ်တော် (AA) က နယ်မြေအများစု ထိန်းချုပ်ထားချိန်မှာ ရခိုင်ပြည်အတွင်း ရွေးကောက်ပွဲကျင်းပရေးအတွက် ရန်ကုန်တိုင်း UEC ရုံးမှာ ရခိုင်ပြည်က ထွက်ပြေးလာကြတဲ့ UEC ဝန်ထမ်းတွေအနေနဲ့ နေ့စဉ် ရုံးတက်နေပြီး အစီအစဉ်တွေ အကောင်အထည် ဖော်နေရပါတယ်။
စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ရှေ့ပြေးလူဦးရေစာရင်း အစီရင်ခံစာမှာ ရာနှုန်းပြည့် စာရင်းကောက်ယူနိုင်တဲ့ မြို့နယ်ပေါင်း ၁၄၅ မြို့နယ်၊ တစ်စိတ်တစ်ဒေသသာ စာရင်းကောက်ယူနိုင်တဲ့မြို့နယ် ၁၂၇ မြို့နယ်နဲ့ လုံးဝစာရင်းမကောက်နိုင်တဲ့ မြို့နယ် ၅၈ မြို့နယ်ထိ ရှိနေတယ်လို့ ဆိုပါတယ်။
Data for Myanmar သုတေသနအဖွဲ့ရဲ့ စစ်ဆေးချက်တွေအရတော့ စစ်ကောင်စီထုတ်ပြန်တဲ့ အချက်အလက်တွေဟာ မှားယွင်းမှုတွေရှိနေပြီး မြို့နယ်အလိုက် ရာနှုန်းပြည့် စာရင်းကောက်ယူနိုင်တဲ့ မြို့နယ် ၁၄၅ မြို့နယ်၊ တစ်စိတ်တစ်ဒေသသာ စာရင်းကောက်ယူနိုင်တဲ့မြို့နယ် ၁၂၃ မြို့နယ်နဲ့ လုံးဝ စာရင်းမကောက်ယူနိုင်တဲ့ မြို့နယ် ၆ ၂ မြို့နယ်ရှိနေပါတယ်။
ဒါ့အပြင် UEC ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖြစ် တာဝန်ယူထားရချိန်မှာ ပေးအပ်ခဲ့တဲ့ ကိုဗစ်ချေးငွေတွေကိုလည်း ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လည်ပေးသွင်းရမယ်လို့ အသိပေးထားပြီး CDM ဝန်ထမ်းတွေဆီက ပြန်လည်ကောက်ခံမှုတွေ လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ အကြိမ်ကြိမ်ပြောနေသော်လည်း မြေပြင်မှာတော့ UEC ဝန်ထမ်းအချို့ဟာ တာဝန်ကျရာ ဒေသတွေမှာ မနေထိုင်ရဲတော့တဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ CJ Platform ရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
နိုင်ငံအနှံ့မှာ စစ်ကောင်စီဟာ စစ်အရေးအရ အရေးနိမ့်နေပြီး တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့တွေဟာ ၉၄ မြို့အထိ ရှိနေပြီဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က ရွေးကောက်ပွဲအတွက် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးနိုင်ရေးလုပ်ငန်းတွေ ဖိဖိစီးစီးဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရ အဖွဲ့အစည်းအဝေးမှာ ပြောထားပေမဲ့ အစီအစဉ်တွေဟာ စစ်ကောင်စီ လက်ကျန် စိုးမိုးထားတဲ့ နေရာတွေမှာသာ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဓာတ်ပုံ – UEC
#CJPlatform ### ###