MNDAA က ဒီလကုန်အထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်လာ

Author လဂွန်းအိမ်
Categories
Published on Jul 20, 2024

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA အနေနဲ့ လာရှိုးမြို့ကိုတိုက်ခိုက်နေခဲ့ပြီး တရုပ်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် အပစ်ရပ်ကာလကို (၁၂) ရက်အကြာ ဇူလိုင်လကုန်အထိ တိုးမြှင့်သတ်မှတ်တယ်လို့ MNDAAရဲ့ စစ်ကော်မရှင်က ထုတ်ပြန်လာပါတယ်။

 

အပစ်ရပ်ကာလအတွင်း ရောက်ရှိသည့်နေရာမှာ ခံစစ်ဆင် ဆောင်ရွက်ထားပေမယ့် တိုက်ခိုက်ခံရပါက ခုခံကာကွယ်သည့် တန်ပြန်တိုက်ခိုက်မှုတွေကိုတော့ သင့်လျော်သလို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

 

အခုလို ထုတ်ပြန်လာမှုရဲ့ အကြောင်းအရင်းကို MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းဆီ CJ Platform က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားလာတာတော့ မရှိသေးပါဘူး။

 

MNDAA အနေနဲ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ထိုးစစ်ဆင်နေပြီးနောက် လေးရက်ကြာ အပစ်ရပ်တယ်လို့ ကြေညာခဲ့ကာ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက စပြီး ထိုးစစ်ဆင်နေခဲ့သော်လည်း ယခုအခါ နောက်ထပ် ၁၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်တာရပ်မယ်လို့ ကြေညာခဲ့တာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – MNDAA

 

ပုံစာ – ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း MNDAA နဲ့ ပူးပေါင်းတပ်များ ခမရ ၃၀၁ကို သိမ်းပိုက်ပြီးနောက် မြင်ရပုံ