ဟားခါး မြို့မရဲစခန်းကို ကာကွယ်ရေးတပ် ဝင်တိုက် အချုပ်သား ၆၂ဦးကို ကယ်ထုတ်နိုင်ခဲ့

Author ဆလိုင်း
Categories
Published on Jul 20, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့မရဲစခန်း ဝင်ရောက်စီးခံရပြီး စစ်ကောင်စီ တပ်သား လေးဦး သေဆုံးကာ အချုပ်သား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်(ဟားခါး)က ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီရဲ့ ဟားခါး မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ် (ဟားခါး)က Operation Rung အမည်ဖြင့် ဒီကနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၅ နာရီခွဲ ဝန်းကျင်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“ဒီမနက် အစောပိုင်းက မြို့မရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။ စခန်းထဲက သေနတ် ၂၂ လက်နက်နဲ့ အကျဥ်းသား အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ရဲတပ်သား လေးဦး သေဆုံးတယ်။ ပစ်ခတ်မူက ခဏလေးပါဘဲ။”လို့ CDF (ဟားခါး) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လွတ်မြောက်လာတဲ့ အချဉ်သား ၆၂ ဦးထဲမှာ အမျိုးသမီး ၁၃ ဦးပါဝင်ပြီး အဲ့ဒီ အကျဥ်းသားတွေဟာ နိုင်ငံရေးအကျဉ်းသားတွေအများစုနဲ့ NGO ဝန်ထမ်းတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။

 

“ဖုန်းစစ်ဆေးပြီး အဖမ်းခံရတဲ့ အကျဥ်းသားတွေ၊ လိုင်းပေါ်မှာတင်တဲ့ ပိုစ့်တွေကြောင့် အဖမ်းခံရတဲ့ အကျဥ်းသားတွေ များတယ်။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်တယ်ဆိုပြီး ဖမ်းခံရတာတည်းရှိတယ်။ အဲ့ထဲမှာ NGO အဖွဲ့သားလည်း ပါတယ်” လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာတော့ တိုက်ခိုက်ခံရတဲ့ မြို့မရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများပြားနဲ့ ပြန်လည်တပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – CDF ဟားခါး

 

ပုံစာ – စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်မျိုးစုံကို မြင်ရပုံ