စစ်ကောင်စီရဲ့ ကြေးနီတင် တွဲကားယာဥ်တန်း ထန်းလုံးမိုင်းကြီးနဲ့ တိုက်ခံရ

Author မင်းထက်
Categories
Published on Jul 20, 2024

စစ်ကိုင်းတိုင်း ၊ ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ဇူလိုင် ၁၉ရက်နေ့က စစ်ကိုင်းဘက်ကနေ ထွက်လာတဲ့ ကြေးနီတင်တွဲကားယာဥ်တန်းကို မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကြေးနီတင်တွဲကား ၁၅စီးပါ ယာဉ်တန်းအနက် ငါးစီးမြောက်တွဲကားကို အသင့်ပြင်ထားတဲ့ ထန်းလုံးမိုင်းကြီး နှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။

 

“မနေ့က ဆွဲတာတော့ သေဆုံးတာတော့ မရှိပါဘူးဗျ။တစ်ယောက်ကတော့ မိုင်းစ လက်မောင်းထဲ တော်တော်နစ်ဝင်သွားတယ် ပြောတယ်ဗျ ခေါင်းလည်းထိသွားတယ် အနီးနားက ဂိတ်ထဲဝင်ပြီး ဆေးပတ်တီးစီးပြီး ပြန်ထွက်သွားတယ်ဗျ” လို့ မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

စစ်ကိုင်တိုင်း  ၊ ဆားလင်းကြီးမြို့နယ်  ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ယခုလို ကြေးနီသယ်ဆောင်တဲ့ ယာဥ်တွေဟာ တစ်ရက်ကို အစီး ၃၀ ၊ ၁၅စီးခန့် နဲ့ အချို့နေ့တွေမှာ အစီး ၆၀  အထိရှိကာ တစ်ပတ်ကို ခြောက်ရက်ပုံမှန်ထွက်တယ်လို့ သူက ဆက်လက်ပြောပါတယ်။

 

ဒါ့အပြင် ဇူလိုင် ၁၆ ရက် နံနက် ၉ နာရီ၂၅မိနစ်ခန့်ကလည်း ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီတင်တွဲကား ၁၅ စီးအနက် ၉ စီးမြောက် စကြေးနီတင်တွဲကားကို ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် ဖောက်ခွဲတိုက်ခဲ့သေးကြောင်း ၊ ဇူလိုင် ၁၅ ရက်  ညနေ ၅ နာရီ၁၅မိနစ်ခန့်ကလည်း ဝမ်ပေါင်မှထွက်လာသော စစ်ကောင်စီရဲ့ ကြေးနီတင်တွဲကား လေးစီးပါယာဥ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းမှာပင်  တိုက်ခိုက်ခဲ့သေးကြောင်း သိရပါတယ်။

 

အဲဒီ တိုက်ခိုက်မှုတွေကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းနှင့်အတူ မဟာမိတ်တပ်တွေဖြစ်တဲ့ Youth Vigor Revolution Force၊ Black Hunter People’s Task Force၊ နွေဦးလူငယ် People’s Defence Force၊တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ မြန်မာအစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ –  မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း