ချင်းမြို့တော် ဟားခါးအပါအဝင် သုံးမြို့နယ်မှာ နှစ်ပတ်ကျော်တဲ့အထိ လျှပ်စစ်မီး မရသေး

Author ဆလိုင်း
Categories
Published on Jul 20, 2024

ချင်းပြည်၊ ဟားခါးမြို့တော်အပါအဝင် ဖလမ်း၊ ကန်ပက်လက် စတဲ့မြို့နယ်တွေမှာ နှစ်ပတ်ကျော်ကြာတဲ့အထိ လျှပ်စစ်မီးမရသေးတဲ့အတွက် ဒေသခံတွေ အခက်ကြုံနေရတယ်လို့ CJ Platform က သိရပါတယ်။

 

အဲဒီလို ရက်ရှည် လျှပ်စစ်မီးပြတ်တောက်နေတဲ့အတွက် ဟားခါးမြို့က အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့နေရတယ်လို့ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မီးမလာတော့ ဘာမှလုပ်ကိုင်လို့ မရဘူးပေါ့နော်။ လုပ်ငန်းရပ်တန့်ဖို့လည်း အဆင်မပြေဘူး။ ဓာတ်ဆီစျေးကလည်း တက်နေတော့ အတော်လေး ဒုက္ခရောက်ရတယ်။ လောလောဆယ် စက်မောင်းပြီး အလုပ်လုပ်နေရတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဖလမ်းမြို့မှာ မီးမလာလို့ ဒေသခံတွေဟာ ထမင်းဟင်းချက်ပြုတ်ရာမှာ မီးသွေးကို အသုံးပြုရပြီး ရေကိုတော့ ချောင်းရေ၊ တွင်းရေကိုသာ အသုံးပြုနေရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဒီအခေါက် မီးမလာတာ အတော်ကြာတယ်။ အရမ်းလည်း ဒုက္ခရောက်တယ်။ ထမင်းဟင်းချက်ဖို့ မီးသွေးဝယ်ပြီး ချက်ရတယ်။ အခုမီးသွေးတွေလည်း အတော်စျေးတက်တယ်။ ရေဆိုလည်း ရေတင်ဖို့ စက်ငှားရတယ်။ ဓာတ်ဆီစျေးက တက်တယ်။ အဲဒါကြောင့် ချောင်းနဲ့ တွင်းက ရေကိုပဲ သောက်သုံးနေရတယ်” လို့ သူမက ပြောပါတယ်။

 

ချင်းပြည်ကို ဓာတ်အားဖြန့်ဖြူးနေတဲ့ အုန်းတော-ညောင်ပင်ကြီး ချောင်းကူးဓာတ်အားခွဲ 230KV ရုံ ပျက်စီးသွားတာကြောင့် ဇူလိုင်လ ၄ ရက်နေ့ကစလို့ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။

 

ချင်းပြည်မှာ စစ်ကောင်စီ၊ ICNCC ၊ CC ဆိုပြီး သုံးဖွဲ့ကွဲနေကြတဲ့အပြင် ဒိုင်ရ်မျိုးနွယ်စုတွေကလည်း ဒိုင်ရ်ဒေသန္တရကောင်စီကို ဖွဲ့စည်းပြီး CDF-Daai အဖြစ် သီးသန့်ဖွဲ့စည်းဖို့ လုပ်ဆောင်နေပါတယ်။

 

 

ဓာတ်ပုံ – CJ

 

ပုံစာ- ဟားခါးမြို့ကို တွေ့ရစဥ်