ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်ခတ်ခံရမှု ဝိရောဓိ

Author ပြည်စိုး
Categories
Published on Jun 20, 2024

ပဲခူးတိုင်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံ မဟန(ငြိမ်း)ဟာ ငါန်းဇွန်မြို့နယ် ကမ္မကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ ဝိရောဓိဖြစ်စရာ များစွာရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး CJ Platform သတင်းဌာနက လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအပါအဝင် ဂြိုလ်တုမြေပုံကနေ ရရှိထားတဲ့ အချက်အလက်တွေကနေ တိုက်ဆိုင်စစ်ဆေးချက်ပြီး ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

“ဖြစ်စဉ်”

 

ဖြစ်စဉ်ကတော့ မနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ဆရာတော်ဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ မဟန(ငြိမ်း)နဲ့အတူ ရန်ကုန်မြို့ကနေ မန္တလေးမြို့ တံတားဦးလေဆိပ်ကို လေယာဉ်နဲ့ ကြွချီခဲ့ပြီးတော့ လေဆိပ်ကို မနက် ၁၀ နာရီဝန်းကျင်မှာ ရောက်ခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

လွတ်လပ်တဲ့ သတင်းဌာန လူထုနွေဦးသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဖတ်ရှုရန် >>> https://shorturl.at/rqund

 

ဆရာတော်ဟာ တံတားဦးမှာ ကန်သုံးဆင့်ဆရာတော်ရဲ့ ဒါယိကာမတစ်ဦး ကပ်လှူတဲ့ ဆွမ်းကို ဘုန်းပေးပြီးနောက်မှာ ကန်သုံးဆင့်ဆရာတော်ရဲ့ ဇာတိကျေးရွာဖြစ်တဲ့ ငါန်းဇွန်မြို့နယ် ကမ္မကျေးရွာကို သွားရောက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

“ဆွမ်းဘုန်းပေးရန်အမီ အမြန်မောင်းနှင်တယ်ဆိုတာ ဖြစ်နိုင်လား”

 

အချို့သော သတင်းတွေမှာတော့ တံတားဦးလေဆိပ်ကနေ ထွက်ခွာပြီးတာနဲ့ ကမ္မကျေးရွာကို ဆွမ်းဘုန်းပေးဖို့ သွားရောက်တာလို့ ဆိုပါတယ်။ CJ Platform က အချက်အလက်တွေကို စိစစ်ခဲ့ရာမှာတော့ တံတားဦးလေဆိပ်ကနေ ငါန်းဇွန်မြို့ကို မော်တော်ကားနဲ့ သွားလာဖို့ ခရီးလမ်းအကွာအဝေးဟာ တစ်နာရီခွဲခန့် ကြာမြင့်ပါတယ်။ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆရာတော်ဟာ တံတားဦး-ငါန်းဇွန်-သကျင်-ကမ္မရွာ လမ်းအတိုင်း ခရီးသွားလာတယ်လို့ ဆိုထားတာကြောင့် ကမ္မရွာအထိ မော်တော်ကားမောင်းနှင်ချိန်ဟာ ဆွမ်းဘုန်းပေးချိန် မမီပါဘူး။

ဆရာတော် သွားလာခဲ့တဲ့ ခရီးလမ်းကြောင်းကို ပုံ (၁) မှာ ကြည်ရှုနိုင်ပါတယ်။

“ပေါက်ကြားလာတဲ့ ကြေးနန်းစာကို စိစစ်ချက်”

 

ဆရာတော်ပစ်ခတ်ခံရအပြီး နာရီပိုင်းအတွင်း မန္တလေးတိုင်း သာသနာရေးမှူးရဲ့ သတင်းပို့တင်ပြချက်ဆိုတဲ့ စာတစ်စောင် ပေါက်ကြားလာခဲ့ပါတယ်။ ဒီစာကို CJ Platform က စိစစ်ရာမှာ ‘ကန်’သုံးဆင့်ဆရာတော်အစား ‘ကံ’သုံးဆင့်ဆရာတော်လို့ မှားယွင်းရေးသားထားသလို ရုံးစာတွေမှာ မမှားသင့်တဲ့ အမှားတချို့ကို တွေ့ရှိပါတယ်။

ပေါက်ကြားလာတဲ့စာမှာ ပါဝင်နေတဲ့ အမှားအယွင်းတွေကို ပုံ(၂) မှာ ကြည်ရှုနိုင်ပါတယ်။

“စစ်ကောင်စီရဲ့ စွပ်စွဲမှု”

 

စစ်ကောင်စီဟာ ဆရာတော် ပျံလွန်တော်မူရခြင်းဟာ တော်လှန်ရေးအင်အားစုတွေ လုပ်ဆောင်တာလို့ စွပ်စွဲခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ရှုနိုင်ပါတယ် >>> https://shorturl.at/BI4tc

 

“ဒေသတွင်းပြန့်နှံ့လာတဲ့ ဖြစ်စဉ်အကျဉ်းချုပ် သတင်း”

 

စစ်ကောင်စီစွပ်စွဲလာမှုကို ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက တစ်စုံတစ်ခု မတုံ့ပြန်ခဲ့ပေမဲ့ ငါန်းဇွန်မြို့ သတင်းတွေကို ဖော်ပြနေတဲ့ ဖေ့ဘွတ်ခ်စာမျက်နှာတစ်ခုမှာတော့ အခုလို ရေးသားထားပါတယ်။

 

၁။ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းက မြို့သာရဲစခန်းမှ စခများသည် မြို့သာ-မန္တလေး ၊ မြို့သာ-ငါန်းဇွန် လမ်းဆုံ အနီးဝန်းကျင်တွင် လာသမျှကားဆိုင်ကယ်တို့အား ဂိတ်ဖွင့် ပိုက်ဆံတောင်းနေစဉ် ဒေသကာကွယ်ရေးအဖွဲ့များမှ ကားဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ ရဲဗိုလ် တစ်ဦးနှင့် ပျူ(အမှတ် ၄ ရပ်ကွက်မှ ကျားကြီး)တို့ နှစ်ဦးအားထိမှန်၍ သေဆုံးသွားခဲ့သည်။

 

၂။ ပစ်ခတ်ခဲ့‌သော ဒေသကာကွယ်ရေးအဖွဲ့များသည် ငါန်းဇွန်မြို့ဘက် မောင်းသွားသည်အထင်ဖြင့် ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းတွင် စစ်ကြောင်း ၂ ကြောင်းဖြင့် ပိုက်စိပ်တိုက်ရှာဖွေမှုပြုခဲ့သည်။ မြို့သာ၊ ငါန်းဇွန် လမ်းတစ်လျောက်နှင့် ဧရာဝတီမြစ်ကမ်း တစ်လျောက်အတိုင်း ဆင်တပ်ရွာအနောက်ဘက်အထိ ရှာဖွေခဲ့ကြသည်။

 

၃။ ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းကစ၍ ငါန်းဇွန်မြို့အနောက်ဘက် တာဘောင်လမ်းအတိုင်း ဧရာဝတီမြစ်ရိုးတ‌စ်လျောက်တွင် ဆိုင်ကယ် ၁၂ စီး အင်အား ၂၀ ကျော်ဖြင့် ဒေသကာကွယ်ရေးအဖွဲ့များကို လိုက်လံရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေစဉ် ဆင်တပ်ရွာမှ တောပြန် ရွာသားများနှင့်တွေ့ရှိပြီး ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှိက်ခဲ့ကြောင်း ကြားသိရသည်။

 

၄။ မနက်ပိုင်း ၁၀ နာရီခန့်တွင် ငါန်းဇွန်-မြို့သာ လမ်းတစ်လျောက် နတ်စိမ်း၊ ဂျို၊ မဂျီ၊ ကမ္မ၊ သံကုန်းရွာအနီးသို့ စခများ၊ ပျူများဖြင့် ကင်းပုန်း၊ လှည့်ကင်းများဖြင့် ဆောင်ရွက်နေချိန် ပဲခူးတိုင်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီးက အချိန်ရ၍ ငါန်းဇွန်နယ် ကမ္မရွာ သက်တော်ရှည်ဆရာတော် ဦးအဂ္ဂဝံသအား ကန်တော့ဖို့ သွားရောက်ကြရာ ကမ္မရွာ ဘုန်းကြီးရဲ့ တပည့်ကြီး ရန်ကုန်ကန်သုံးဆင့်ဆရာတော် ဦးဂုဏိကာဘိဝံသက ကားနောက်ခန်းမှ လိုက်၍ မပာနဆရာတော်ကြီးက ရှေ့ဆုံးခန်းမှ လိုက်ပါသွားစဉ် ငါန်းဇွန်မြို့နယ် မင်းဂျီ၊ ကမ္မရွာအနီးအရောက် ကင်းပုန်းဝပ်နေသည့် စခများဖြင့် တိုး၍ မှန်မချဘဲ မောင်းလာသည့် ကားဖြစ်၍ PDF ကားထင်ကာ သေနတ်ဖြင့် ဝိုင်းပစ်ခတ်ခဲ့ကြသည်။

အပစ်ခံရပြီး ကားပေါ်ပါလာသည့် ရန်ကုန်ကန်သုံးဆင့်ဆရာတော်၊ မပာနဆရာတော်ကြီးနှင့် ကားသမားတို့ ထိမှန်ကုန်ပြီး မဟနဆရာတော်ဘုရားကြီး ပျံတော်မူ၍ ကားသမားက လက်ချောင်းသုံးချောင်းပြတ်၊ ကံသုံးဆင့်ဆရာတော်က မစိုးရိမ်ရ ဒဏ်ရာရ သွားခဲ့သည်။

 

၅။ ကန်သုံးဆင့်ဆရာတော်၊ ကားသမားပါ မန္တလေးနန်းတွင်းထဲမှာ ခေါ်ထား၍ ကားသမားကို PDF က ပစ်တာပါလို့ လိမ်ညာထွက်ဆိုခိုင်းနေကြောင်း သိရသည်။

စစ်တပ်မှ မဟနဆရာတော်ဘုရားကြီး၏ ရုပ်အလောင်းကိုပြန်မပေးသေးပေ။(ယခုသတင်းဖော်ပြချိန် ဇွန် ၁၉ ရက် ညနေပိုင်းအထိ ပြန်မပေးသေးခြင်းဖြစ်ပါသည်။)

တံတားဦးလေဆိပ်ကအထွက် ပစ်ခတ်ခံရတယ်ဆိုပြီး မီဒီယာမှာတင်နေသောကြောင့် သတင်းဝေဝါးအောင်လုပ်နေခြင်းသာဖြစ်ကြောင်း ဖြစ်စဉ်အမှန်ကို တင်ပေးလိုက်ပါသည်။

 

မူရင်းတင်ပြထားချက်ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ် >>> https://shorturl.at/un0qm

 

“ကမ္မရွာကို ဘာသွားလုပ်တာလဲ”

 

ဒါ့အပြင် ဆရာတော်ဟာ ကန်သုံးဆင့်ဆရာတော် လှူဒါန်းထားတဲ့ ကမ္မကျေးရွာက ဆွမ်းစားဆောင်အသစ်ကို ကန်သုံးဆင့်ဆရာတော်နဲ့ အတူတူ သွားရောက် ကြည့်ရှုတာလို့ ဒေသခံတစ်ဦးကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ ဖော်ပြချက်မှာ ဆရာတော်လိုက်ပါလာတဲ့ မော်တော်ကားဟာ ကိုဩဒိနိတ်အမှတ် 21.800480,95.663973 နေရာမှာ ပစ်ခတ်ခံရတယ်လို့ ဆိုပါတယ်။

 

မူရင်းတင်ပြထားချက်ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ် >>> https://shorturl.at/5jUPX

 

“ကမ္မရွာဘယ်မှာရှိလဲ”

 

CJ Platform က ကမ္မကျေးရွာကို မြေပုံအညွှန်းများနဲ့ တိုက်ဆိုင်စစ်ဆေးပြီးနောက် ကမ္မကျေးရွာဟာ ကိုဩဒိနိတ်အမှတ် 21.807139, 95.644867 မှာ တည်ရှိတယ်လို့ ကောက်ချက်ချနိုင်ခဲ့ပါတယ်။

ဂြိုလ်တုမြေပုံတွေကနေ ရှာဖွေထားတဲ့ ကမ္မကျေးရွာလို့ ယူဆရတဲ့ နေရာကို ပုံ(၃-က)မှာ ကြည့်ရှုနိုင်ပါတယ်။

ငါန်းဇွန်မြို့နယ် ကျေးရွာများပြ မြေပုံကို ပုံ(၃-ခ)မှာ ကြည့်ရှုနိုင်ပါတယ်။

“စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဘာတွေလိမ်လည်ထားလဲ”

 

စစ်ကောင်စီဟာ ဆရာတော်ကို ပစ်ခတ်ခဲ့တာဟာ တော်လှန်ရေးအင်အားစုတွေလို့ စွပ်စွဲခဲ့ပေမဲ့ သူတို့ လက်ဝယ် ထိန်းသိမ်းထားတဲ့ မော်တော်ယာဉ်မောင်းရဲ့ ထွက်ဆိုချက်တစ်ခုနဲ့သာ သတင်းထုတ်ပြန်လာတာပါ။

 

သူတို့ ထုတ်ပြန်ချက်အတွင်းပါဝင်တဲ့ ဂြိုလ်တုမြေပုံဟာလည်း မပြည့်စုံသလို သတင်းထုတ်ပြန်ချက်မှာ ပါဝင်နေတဲ့ ဆရာတော် သွားလာခဲ့တယ်ဆိုတဲ့ ခရီးစဉ်ဟာလည်း မြေပြင်မှာ တကယ်သွားရောက်ဖို့ ကြန့်ကြာလွန်းတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အခင်းဖြစ်စဉ်ရဲ့ နေရာဒေသ ဓာတ်ပုံ၊ အခင်းဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ မော်တော်ကားကိုလည်း ထုတ်ပြရဲခြင်း မရှိခဲ့ပါဘူး။

 

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အခင်းဖြစ်စဉ်နေရာ ဂြိုလ်တုမြေပုံကို ပုံ(၄)မှာ ကြည့်ရှုနိုင်ပါတယ်။

စစ်ကောင်စီရဲ့ ဂြိုလ်တုမြေပုံနဲ့ အနီးစပ်ဆုံး တူညီတဲ့ နေရာကို CJ Platform က စိစစ်ရှာဖွေရာမှာ ကိုဩဒိနိတ်အမှတ် 21.801124, 95.673003 မှာဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။ သို့သော်လည်း ခိုင်မာတဲ့ သတင်းဓာတ်ပုံတွေ အတည်ပြုမှုတွေ ရရှိနိုင်ခဲ့ခြင်း မရှိတာကြောင့် ယူဆချက်တစ်ခုအဖြစ်သာ တင်ပြချင်ပါတယ်။

ဂြိုလ်တုမြေပုံနှစ်ခု နှိုင်းယှဉ်ဖော်ပြချက်ကို ပုံ(၅-က)နဲ့ ပုံ(၅-ခ)မှာ ကြည့်ရှုနိုင်ပါတယ်။

“လူသက်သေ”

 

ဒါ့အပြင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC သတင်းဌာနမှာတော့ ဆရာတော်ဘုရားနဲ့အတူတူ ခရီးစဉ်လိုက်ပါခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ဘုရားဟာ အခုပစ်ခတ်မှုဖြစ်စဉ်ဟာ စစ်ကောင်စီက လုပ်ဆောင်တာဖြစ်တယ်လို့ တပည့် ဒါယကာတွေကို မိန့်ကြားကြောင်း ဖော်ပြထားပါတယ်။

 

BBC ရဲ့ သတင်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ် >>> https://shorturl.at/sRREA

 

 

“ကောက်ချက်”

 

အခင်းဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ညွှန်းဆိုကြတဲ့ နေရာဒေသတဝိုက်က တစ်ပတ်အတွင်း တိုက်ပွဲသတင်းတွေ တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို CJ Platform က လိုက်လံစိစစ်ရာမှာ အခင်းမဖြစ်မီ ရက်အနည်းငယ်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ စခန်းအချို့ တိုက်ခိုက်ခံရပြီးတော့ အခင်းမဖြစ်မီ တစ်ရက်အလိုမှာ စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ဆရာတော်နှစ်ပါး ကြွချီတဲ့ လမ်းတွေတစ်လျှောက်မှာ ပိတ်ဆို့စစ်ဆေးမှုတွေအပြင် ကင်းလှည့်တာတွေ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေပါတယ်။

 

အထက်ပါ တင်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေကို နှိုင်းယှဉ်လေ့လာပါက ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို ပစ်သတ်ခဲ့တာဟာ တော်လှန်ရေးအင်အားစုများ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ စစ်ကောင်စီရဲ့ လှည့်ကင်းကားက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကောက်ချက်ရယူနိုင်ပါတယ်။