ဆီဆိုင်မှာ‌ စစ်ကောင်စီ စစ်အသုံးစရိတ်ဆိုပြီး တစ်အိမ် ကျပ်ငါးသိန်းကနေ ရှစ်သိန်းအထိ ကောက်ခံနေလို့ဆို

Published on Jun 20, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးကျေးရွာနဲ့ အနီးနားကျေးရွာတွေက စစ်ရှောင်ရာကပြန်လာတဲ့ ဒေသခံတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ဇွန်လ ၁၇ ရက်က အစည်း အဝေးပြုလုပ်ခဲ့ပြီး တစ်အိမ်ကို ငွေငါးသိန်းကျပ်ကနေ ရှစ်သိန်းကျပ်အထိ ကောက်ခံနေတယ်လို့ PNLA က ဒီနေ့ ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

 

သူတို့ဟာ ဆီဆိုင်မြို့နယ်က ကျေးရွာတွေမှာ စစ်သားသစ်စုဆောင်းတဲ့အပြင် နေအိမ်အခြေအနေပေါ်မူတည်ပြီး ဆက်ကြေး ကောက်ခံနေတယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

“ပိုက်ဆံတွေ ကောက်ပါတယ်။ ငါးသိန်းကနေ ရှစ်သိန်းအထိ ကောက်နေတာ အချိန်မတူဘူး။ ကောက်ပုံကောက်နည်း လုပ်ပုံလုပ်နည်းနဲ့ ပမာဏ မတူတာပဲရှိတယ်။ အကုန်လုံးဆီက တောင်းနေတာ” လို့ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း၊ တောင်ကြီး၊ ရပ်စောက်၊ လွိုင်လင်၊ ကလောမြို့တွေမှာပါ ဆက်ကြေး တောင်းခံတာတွေရှိနေပြီး နိုင်ငံခြားထွက် လုပ်ကိုင်သူရှိရင် ရှစ်သိန်းကျပ်အထိ ဆက်ကြေးကောက်ခံနေတယ်လို့ အဲဒီတာဝန်ခံက ဆိုပါတယ်။

 

စစ်မှုထမ်းဖို့အတွက် တစ်လကို တပ်သားသစ် ခြောက်ဦးပို့ဆောင်ပေးရမယ်လို့ ပြောဆိုခဲ့ပြီးနောက် စုဆောင်းလာတဲ့ လူသစ်တွေကို ဆီဆိုင်မြို့နယ် ဘုရားဖြူဘောလုံးကွင်းမှာ သင်တန်းပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ် ကောက်ခံတဲ့ စစ်အသုံးစရိတ် ဆက်ကြေးကို တစ်ခါထဲမထည့်နိုင်ရင် ဇွန်လ ၁၉ ရက် တစ်ကြိမ်၊ လကုန်ရက် တစ်ကြိမ်ဆိုပြီး  နှစ်ခါခွဲပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နေ့စဉ်ဆိုသလို ပအိုဝ်းဒေသ ပင်လောင်းမြို့နယ် တောင်ပိုင်းကိုလည်း လက်နက်ကြီးတွေနဲ့ ကျေးရွာအတွင်းကို ပစ်ခတ်တာကြောင့် နောင်ဝိုး ၊ ချောင်းချား ၊ တမထ ၊ လိန်ခမ် ၊ ကုန်းပေါစတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA က ဆိုပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

ပုံစာညွှန်း- စစ်ကောင်စီလက်နက်ကြီးပစ်လို့ မီးလောင်နေတဲ့ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာတချို့