ရုရှားနဲ့ မြောက်ကိုရီးယားတို့ အပြန်အလှန်ကာကွယ်ပေးမယ့် သဘောတူညီမှုစာချုပ် လက်မှတ်ထိုး

Author အဂ္ဂ
Categories
Published on Jun 20, 2024

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ (၂၄) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ အပြန်အလှန်ကာကွယ်ပေးမယ့် သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့ ဇွန် ၁၉ ရက်နေ့မှာ လက်မှတ်ထိုးခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အခုလို သဘောတူညီချက်မှာ လက်မှတ်ထိုးနိုင်ပြီးတဲ့နောက်မှာတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်က အခုလို လုပ်ဆောင်ချက်ဟာ နှစ်ပေါင်းများစွာအတွင်း အာရှဒေသမှာ ရုရှားရဲ့ အရေးအပါဆုံး လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သူ့မဟာမိတ်ရဲ့ လုပ်ဆောင်မှုကို အမွှန်းတင်ခဲ့ပါတယ်။

 

အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေဟာ ၂၁ ရာစုအတွင်း နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံအတွက် ရုရှားက ဘယ်လောက်အတိုင်းအတာအထိ နက်နက်ရှိုင်းရှိုင်း ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်နေခိုက်မှာပဲ ပူတင်က အခုလို သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တာဖြစ်ပြီး ဒါဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ဆိုဗီယက်ခေတ်လွန် မူဝါဒတစ်ခုလုံးကို ပြုပြင်ပြောင်းလဲ ကျင့်သုံးခဲ့တာလည်း ဖြစ်ပါတယ်။

 

၂၀ဝ၀ ခုနှစ် ဇူလိုင်လအတွင်းမှာ မြောက်ကိုရီးယားကို ပထမဦးဆုံးအကြိမ်အဖြစ် ပူတင်လာရောက်လာပြီးတဲ့ နောက်မှာပဲ ရုရှားနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလာခဲ့သလို ယူကရိန်းဘက်ကို အနောက်အုပ်စုရဲ့ ပံ့ပိုးကူညီမှုတွေက ပိုပိုတိုးလာနေခဲ့တာကြောင့် ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်တယ်လို့ ပူတင်က အတိအလင်း ပြောခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးမှုတွေ အပြီးမှာတော့ ပူတင်နဲ့ ကင်မ်တို့ဟာ “ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး” သဘောတူညီချက်စာချုပ်ကို လက်မှတ်ထိုးခဲ့ကြသလို နှစ်နိုင်ငံကို ရန်စနေတဲ့ ကိစ္စရပ်တွေမှာ အပြန်အလှန် အကာအကွယ်ပေးဖို့ဆိုတဲ့ အပိုဒ်လည်း ပါရှိတယ်လို့ ပူတင်က ဆိုပါတယ်။

“ဒီနေ့ (ဇွန် ၁၉ ရက်) လက်မှတ်ရေးထိုးခဲ့တဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေထဲမှာဆိုရင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ တစ်နိုင်ငံကို ရန်စကျူးကျော်တာမျိုး လုပ်လာခဲ့ရင် အပြန်အလှန် အကူအညီပေးအပ်ကြဖို့ ဆိုတဲ့အချက်လည်း ပါပါတယ်” လို့ ပူတင်က ပြောကြားခဲ့တာပါ။

 

ဒါ့အပြင် အနောက်နိုင်ငံတွေဟာ ရုရှားကို တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ အပါအဝင် အဆင့်မြင့်တာဝေးပစ် လက်နက်တွေ ထောက်ပံ့ပို့ဆောင်ပေးခဲ့တာတွေကလည်း အဓိက သဘောတူညီချက်တွေကို ချိုးဖောက်ရာကျတယ်လို့လည်း သူကဆက်ပြောပါတယ်။

 

“ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံဟာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား)နဲ့ စစ်ရေး နည်းပညာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမှာပါ” လို့ ပူတင်က ဖြည့်စွက်ပြောပါတယ်။

 

ကင်မ် ကတော့ ရုရှားရဲ့ အခုလို ပူးပေါင်းဆောင်ရွက်မှုဟာ ၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်နိုင်ငံကို ကျောထောက်နောက်ခံပြုပြီး တည်ထောင်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံကို ထောက်ခံအားပေးတဲ့ အလွန်ကိုပဲ အရေးကြီးတဲ့ မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုဖြစ်တယ်ဆိုပြီ ချီးကျူးပြောဆိုခဲ့ပါတယ်။

 

လက်ရှိမှာ စာချုပ်ပါအချက်အလက်တွေအားလုံး တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိပေမဲ့ ရုရှားဟာ မြောက်ကိုရီးယားနဲ့ ပိုမိုပြီး ပူးပေါင်းဆောင်ရွက်လာတဲ့အတွက် ဒေသတွင်း အာဏာချိန်ခွင်လျှာကို အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားဘက်မှာ ပိုမိုအားကောင်းတဲ့ ကျောထောက်နောက်ခံ ရှိလာပြီဖြစ်တဲ့အတွက် ဒါဟာ တပ်အင်အားအလုံးအရင်းနဲ့စောင့်ကြပ်နေတဲ့ နယ်စပ်မျဉ်းတစ်လျှောက် တောင်ကိုရီးယားနဲ့ သူ့မဟာမိတ် အမေရိကန်တို့အပေါ် ဆက်ဆံပုံလည်း အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံနဲ့လည်း ကာကွယ်ရေး စာချုပ်တစ်ခု လက်မှတ်ရေးထိုးထားဖူးပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရုရှားနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသလိုမျိုး တရုတ်နဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။

 

ဒါ့အပြင် မြောက်ကိုရီးယားဟာ ၁၉၆၁ ခုနှစ်မှာ တိုက်ခိုက်မှုတစ်ခု ကြုံလာရရင် အပြန်အလှန် ကူညီပေးမယ်ဆိုတဲ့ သဘောတူညီမှုစာချုပ်တစ်ခု ချုပ်ဆိုခဲ့ဖူးပါတယ်။

 

မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ အခုလိုမျိုး ဆက်ဆံရေးတိုးတက်လာတဲ့ကိစ္စကိုတော့ မြောက်ကိုရီးယားရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးရဲ့ အဓိက ကျေးဇူးရှင်လို့ ဆိုနိုင်တဲ့ တရုတ်နိုင်ငံကတော့ တစ်စုံတစ်ရာ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

 

ပူတင်နဲ့ ကင်မ် တို့ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလည်အပတ်လုပ်ခဲ့ကြပြီး ဇိမ်ခံကားတွေ လက်ဆောင်ပေးတာ၊ ရုရှားရဲ့ အာကာသယာဉ် လွှတ်တင်ရေး စခန်းဆီ အလည်အပတ်ခရီးစဉ်ခေါ်ဆောင်သွားတာ စတဲ့ အခြေအနေမျိုးအထိ ပလဲနံပသင့်နေမှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်တွေအတွက်ကတော့ ထိတ်လန့်စရာ အခြေအနေတစ်ခုဖြစ်နေခဲ့ပါတယ်။

 

“ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်လာမှုဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ ပဋိပက္ခတွေ တစ်ကမ္ဘာလုံးကို ပြန့်နှံ့မသွားစေဖို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့နဲ့ ယူကရိန်းပြည်သူတွေကို အားပေးထောက်ခံဖို့ စိတ်ပါဝင်စားသူတွေအတွက်ကတော့ တကယ့်ကို စိုးရိမ်ဖွယ်ရာကြီးပါပဲ” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

 

ရုရှားဟာ မြောက်ကိုရီးယားနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတည်ဆောက်ပြီး အမေရိကန်ကို ရန်စ ထိုးနှက်တိုက်ခိုက်ဖို့ တာဆူနေသလို အမေရိကန်ရဲ့ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပိတ်ဆို့မှု ကြုံနေရတဲ့ မြောက်ကိုရီးယားအနေနဲ့ကတော့ ရုရှားရဲ့ နိုင်ငံရေးကျောထောက်နောက်ခံအပြင် စီးပွားရေး ပံ့ပိုးမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကတိကဝတ်တွေကိုပါ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

 

အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအရ တားမြစ်ထားတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေနဲ့ နျူးကလီးယားထုတ်လုပ်မှု အစီအစဉ်တွေအတွက် လိုအပ်တာတွေကို ရုရှားဘက်က ကူညီပေးလိုက်မှာကို စိုးရိမ်နေကြသလို ယူကရိန်းစစ်ပွဲအတွင်းမှာ သုံးမယ့် ပဲ့ထိန်းဒုံးကျည်တွေနဲ့ အမြောက်ကျည်တွေကို မြောက်ကိုရီးယားက ရုရှားကို ထောက်ပံ့ပေးနေတယ်လို့လည်း စွပ်စွဲထားကြပါတယ်။

 

ရုရှားနဲ့ မြောက်ကိုရီးယားကတော့ နှစ်နိုင်ငံအကြား လက်နက်လွှဲပြောင်းပေးအပ်တာမရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။

 

ဓာတ်ပုံ – KCNA via Reuters

 

ကိုးကား – Reuters