ရေစကြို‌မှာ တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံ ၁၀၀ဦးလောက်ကို စစ်ကောင်စီ ဖမ်းဆီးထား

Author မင်းထက်
Categories
Published on May 20, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ ပခုက္ကူမြို့နယ်အကြားမှာရှိတဲ့ ကာကွယ်ရေးတပ်စခန်းတစ်ခုကို မေလ ၁၇ ရက်နေ့ မနက်ပိုင်းပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အနီးဝန်းကျင်ကျေးရွာတွေကိုပါ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံ (၁၀၀)ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

 

သဲတော၊ကျောက်ထပ်၊ ဇီးတော၊ ကျောက်ကျင်း၊ ကွမ်းသီးကန်စတဲ့ ကျေးရွာငါးရွာက ဒေသခံတွေ ဖမ်းဆီးခံထားရပြီး ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံတပ်နဲ့ ပျူစောထီး(ပြည်သူ့စစ်)တွေ ပူးပေါင်းပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းလို့ သိရပါတယ်။

 

သူတို့ဖမ်းဆီးထားတဲ့ ပြည်သူ (၁၀၀)ဦးခန့်ကတော့ ဒီကနေ့ မေလ ၂၀ ရက်နေ့အထိ လွတ်မြောက်လာတာ မရှိသေးပါဘူး။

 

“ရွာက ငါးရွာလောက် ပြေးရတာ ။ စစ်ရှောင်တွေက များတယ် သောင်းနဲ့ ချီနိုင်တယ်။ အတိကျတော့မသိဘူးပေါ့။ ကျေးရွာတွေကို စစ်ကြောင်းဝင်လာတော့ ပြည်သူတစ်ယောက်သေတယ်။  ပြည်သူ ၁၀၀ကျော် ဖမ်းဆီးခံထားရတဲ့အပြင်  ဇီးတောရွာ မီးတိုက်ခံရတယ် ။ ကျောက်ထပ်ရွာလဲ မီးရှို့ခံရတယ် ” လို့ ရေစကြိုမြို့နယ်က ဒေသခံစစ်ဘေးရှောင်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေမှာလည်း စားနပ်ရိက္ခာလိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

 

“ကျွန်တော်ကလဲ တက်နိူင်တဲ့ နေရာကနေပံပိုးရတာ လူ၂၀၀ နီးပါး လောက်ကို ကျွန်တော် တာဝန်ယူရတယ်။ တချို့စစ်ရှောင်တဲ့သူတွေဆို ရွာတွေခွဲနေကြရတယ်။တပ်ဖွဲ့အနေနဲ့ကလည်း စခန်းမဟုတ်ပဲ အဝေးကိုရှောင်ရတာမို့ ရိက္ခာနဲ့ ငွေကြေးက စခန်းမှာလို မဟုတ်ဘူး ပိုကုန်တယ်”လို့ သူက ပြောပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၇ ရက်အထိ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား (၅၀၉၈)ဦး သတ်ဖြတ်ခံခဲ့ရပြီး (၂၆၆၉၅ ဦး) ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news