လှိုင်သာယာ၊ အရှေ့ဒဂုံနဲ့ မင်္ဂလာဒုံတို့မှာ ယာဉ်တိုက်မှုတွေဖြစ်ပြီး ၂ ဦးသေ၊ ဆယ်ဦး ဒဏ်ရာရ

Author ကိုထက်
Categories
Published on May 20, 2024

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ မနေ့(မေလ ၁၉)ရက်က ယာဉ်တိုက်မှုတွေ ဖြစ်ပွားလို့ နှစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ လှုမှုကူညီကယ်ဆယ်ရေးအသင်း‌တွေဆီက သိရပါတယ်။

မနေ့ နေ့လယ်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း ဗိုလ်ခြံမှတ်တိုင်အနီးမှာဖြစ်ပွားခဲ့တဲ့ ကားသုံးစီးဆင့်တိုက်မှုကြောင့် သံဃာတော်တွေအပါအဝင် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတာဝန်ရှိသူက ပြောပါတယ်။

 

“မနေ့နေ့လယ်က အိမ်စီးကားသုံးစီးဆင့်တိုက်တာ။ သံဃာတော်က နှစ်ပါး၊ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား တစ်ဦးဒဏ်ရာရသွားတယ်ဗျ။ အရမ်းတော့ မစိုးရိမ်ကြရပါဘူး။ ဒဏ်ရာရသူတွေကို အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် မနေ့ ညပိုင်းကလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးပေါ်မှာ ဆီဘောက်ဆာကားနဲ့ Toyota Alphard အမျိုးအစားကားတို့ တိုက်မိခဲ့ပြီး Alphard ကား ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

” Alphard ကတော့ ကြေမွသွားတာပဲ။ ယာဉ်မောင်းလည်း ရုပ်ပျက်ဆင်းပျက်ပဲ။ နေရာမှာပဲ ပွဲချင်းပြီးပဲ” လို့ အဲဒီအခင်းဖြစ်စဉ်ကို ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

 

အလားတူ လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းမပေါ်မှာလည်း မနေ့ မနက် ၁၁ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားလို့ အမျိုးသညးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(စိုးရိမ်ရ)နဲ့ အမျိုးသမီး(မစိုးရိမ်ရ)တို့ကို သွေးဒါနမျိုးဆက်လူမူကူညီရေးအသင်းယာဉ်နဲ့ လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

မေလ ၁၄ ရက် ညပိုင်းကလည်း အင်းစိန်မြို့နယ် ဘိုခြံမှတ်တိုင်အနီးမှာ လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးနှစ်ဦးကို YBS 131က ကြိတ်မိတဲ့အတွက် ‌သေဆုံးခဲ့ပြီး မေလ ၁၅ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီးပေါ်မှာ တွဲကားက ဘေးတွဲဆိုင်ကယ်နဲ့ တိုက်မိလို့ ယာဉ်မောင်းကို ကြိတ်မိလို့သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့