မြဝတီဒေသခံ ၂၇၀ ကျော် ထိုင်းဘက် တိမ်းရှောင်နေရ
ထိုင်း-မြန်မာ နယ်စပ်ဒေသ၊ မြဝတီမြို့ အမှတ်(၂)တံတားအနီးဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲချမှုများလုပ်ဆောင်လာပြီးနောက် မြို့ခံ ၂၇၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
စစ်ကောင်စီ၏ Y12 အမျိုးအစား ရဟတ်ယာဉ်များ ယနေ့နံနက်ပိုင်းမှစတင်ကာ ယခုချိန်ထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ အကြိမ်(၄၀)ခန့် ပြုလုပ်ခဲ့သဖြင့် တံတားအနီးနှင့် ရေပူရပ်ကွက်ဝန်းကျင်မှ ဒေသခံ(၂၇၀)ကျော် သောင်ရင်း(Moei)မြစ်ကိုဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
“Y12 ရဟတ်ယာဉ်က ဂျက်လေယာဉ်လိုမဟုတ်တော့ အချိန်က တော်တော်ကြာကြာဝဲလို့ရတယ်လေ။ အဲဒီကနေပဲ စက်လက်နဲ့ဆွဲတာ ဗုံးကြဲချတာတွေလုပ်တယ်။ ဒေသခံတွေကတော့ ကြောက်ကြတာပေါ့။ ကျည်တွေဆိုလည်း ထိုင်းဘက်ကျော်ကျတာတွေ ရှိတယ်လေ” ဟု ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် နေထိုင်သူ မြဝတီမြို့ခံတစ်ဦးက CJ Platform သို့ပြောသည်။
မြန်မာဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲများဖြစ်ပေါ်နေမှုနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် Srettha Thavisin(ဆရီသာ သာဗီဆင်)က စိုးရိမ်ကြောင်းနှင့် လူသားချင်းစာနာမှုအကူအညီများပေးရန်အဆင်သင့်ရှိနေသည်ဟု ထည့်သွင်းပြောကြားသည်။
ယမန်နေ့ ဧပြီ ၁၉ ရက် ည ၇ နာရီဝန်းကျင်မှစတင်ကာ အမှတ်(၂) ကုန်သွယ်ရေးတံတားအနီး ပုန်းခိုနေသော ခလရ (၂၇၅)မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA/PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲကာ စတင်တိုက်ခိုက်ခဲ့သည်။
ထို့နောက် ယနေ့ ဧပြီ ၂၀ ရက် နံနက် ၅ နာရီဝန်းကျင်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုအောင်းရာနေရာသို့ ဝင်ရောက်တိုက်ခိုက်ကာ အပြီးသတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေပြင်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)အထူးတပ်ဖွဲ့ဝင်များ၏ အတည်ပြုပြောကြားချက်အရ သိရသည်။