လူကြီးလမ်းကြောင်းကြောင့် ရန်ကုန်က မြစ်ကူးတံတားသုံးစင်းအပါအဝင် မင်္ဂလာဒုံလေဆိပ်ပိတ်

Author ဝက်ဝံနက်၊ ကိုထက်
Categories
Published on Apr 20, 2024

စစ်ကောင်စီအရာရှိများ(လူကြီး)လမ်းကြောင်းရှိသဖြင့် အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များရှိ မြစ်ကူးတံတားများကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းက လေးနာရီခန့်ကြာ ပိတ်ခဲ့ကြောင်း မြို့ခံများနှင့် ဖြတ်သန်းသွားလာခဲ့သူများထံမှ သိရသည်။

 

အင်းစိန်-လှိုင်သာယာကို ဆက်သွယ်ထားသည့် အောင်ဇေယျတံတား၊ မရမ်းကုန်း-လှိုင်သာယာကို ဆက်သွယ်ထားသည့် ဘုရင့်နောင်တံတား အမှတ်(၁)(၂)၊ ရွှေပြည်သာ-လှိုင်သာယာကို ဆက်သွယ်ထားသော တံတားတို့တွင် ယနေ့ညနေ ၅ နာရီခန့်မှစတင်ကာ စစ်ကောင်စီလက်အောက်ခံများက သံဆူးကြိုးများချကာ ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

“တံတားသုံးစင်းလည်း ပိတ်တယ်။ နောက်လေဆိပ်လည်း ပိတ်လိုက်တယ်။ စစ်ဆေးမှုတွေလည်း ရှိတယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အလားတူ အင်းစိန် ဒညင်းကုန်းလမ်းဆုံ၊ မင်္ဂလာဒုံ၊ ဝါယာလက်လမ်းဆုံတို့တွင်လည်း ယမန်နေ့ ဧပြီ ၁၉ ရက် ညနေ ၃ နာရီခန့်မှစတင်၍ တစ်နာရီကျော်ကြာ စစ်ကောင်စီတပ်သားများက ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။

 

“ကားပေါ်ကနေ ဆင်းခိုင်းတယ်။ နောက်အိတ်တွေပါ ရှာတာ။ သေချာစစ်ကြည့်လို့ သေချာမှပြန်လွတ်တာ။ ၁၅ မိနစ်လောက်ကြာတယ်။ စစ်တာက” ဟု ကြုံတွေ့ခဲ့သူ ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

 

ထိုသို့ စစ်ကောင်စီတပ်သားများ တံတားနှင့် လမ်းများကို ပိတ်ဆို့စစ်ဆေးခဲ့ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု လေးနာရီခန့်အထိဖြစ်ပေါ်ခဲ့ပြီး ည ၉ နာရီခန့်တွင် စစ်ဆေးမှုများ မရှိတော့ကြောင်း မြို့ခံများထံမှ သိရသည်။

“ ကားတွေက ၇ နာရီလောက်တည်းက ပိတ်နေတာ။ အသွားရော၊ အပြန်ရော၊ ဟိုဘက်ရော၊ ဒီဘက်ရောကို ပိတ်ပြီးစစ်နေတာလို့ပြောကြတယ်” ဟု ဘုရင့်နောင်တံတားပေါ်မှတစ်ဆင့် အိမ်ပြန်လာသူတစ်ဦးက ‌ပြောသည်။

 

ဓာတ်ပုံ – CJ