လွိုင်ကော်၊ ကုန်းသာရွာတွင် စစ်ကောင်စီကြဲသည့်ဗုံးကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၆ ဦး နေရာတွင်သေဆုံး

Author မင်းထက်
Categories
Published on Apr 20, 2024

ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲ၍ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူခြောက်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက CJ Platform သို့ပြောသည်။

ယနေ့ ဧပြီလ ၂၀ ရက်နေ့ ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ကုန်းသာကျေးရွာအတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၃၀ဝ ဗုံးနှစ်လုံးကြဲချခဲ့သောကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း Kayan New Generation Youth(KNGY)ထံမှ သိရသည်။

“မိုးဗြဲ ၄၂၂ ဘက်က တိုက်ပွဲပဲရှိမယ်။ အဲဒီကုန်းသာရွာက လွိုင်ကော်နဲ့ မိုးဗြဲကြားပေါ့။ ရွာကိုကျ အကြောင်းမဲ့ ကြဲတာမျိုးပါ” ဟု KNGY မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသွားသူများသည် အသက် ၈၀ ခန့်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးနှင့် အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့သူကတော့ ကျွန်တော့်အနေနဲ့ ကြည့်ရတဲ့ပုံကတော့ တစ်ယောက်တော့ စိုးရိမ်ရတယ်ပေါ့နော်။ ကျန်တဲ့သူတွေကတော့ အဲဒီလောက်တော့ မစိုးရိမ်ရဘူး။ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေဆဲပါပဲ” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ကရင်နီရဲဘော်တစ်ဦးက ပြောသည်။

ထို့ပြင် နေအိမ်အလုံး ၂၀ ဝန်းကျင်လည်း အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်း လွိုင်ကော်မြို့နယ်အခြေစိုက် ၎င်းက ပြောသည်။

 

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် ည ၁၀ နာရီခန့်တွင် ဖယ်ခုံမြို့နယ်၊ လွယ်ရင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀ဝ ဗုံး နှစ်ကြိမ်လာကြဲခဲ့သည့်အတွက် အသက်သုံးနှစ်အရွယ် ယောကျာ်းလေးတစ်ဦး၊ အသက် ၁၂ အရွယ် စစ်ရှောင်မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး အသက်မပြည့်သေးသည့် မိန်းကလေးငယ် သုံးဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Karen Human Rights Group(KnHRG)က ဧပြီလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

နိုင်ငံတဝန်း ယခုနှစ် ဧပြီလ ၁ မှ ၁၉ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ကိုးဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း(၂၃)ဦးသေဆုံးခဲ့ကြောင်း၊ ထိုအထဲ အသက် ၁၈ နှစ်အောက် သေဆုံးသူ(၅)ဦး ပါဝင်ပြီး ရှမ်းပြည်မှ (၉)ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – Kayan New Generation Youth(KNGY)