မြဝတီမှာ ငွေကျပ်သိန်း ၉,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ
ကရင်ပြည်၊ မြဝတီမြို့မှာ ငွေကျပ်သိန်း ၉,၀၀၀ ကျော် (၉,၂၈၉ ဒသမ ၇ သိန်း) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ပြောင်းဆေးဝါးတွေကို တရားခံတွေနဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်အုပ်စုလက်အောက်ခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့ (CCDAC) က ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက် ၇ နာရီမှာ စစ်အုပ်စုရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်သာယာ ၄ လမ်းရှိ ကိုအောင်လွင် (ခ) ကိုမောင်ထင်း ငှားရမ်းနေထိုင်တဲ့ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာမှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နေအိမ်အတွင်း ရှာဖွေရာမှာ ကိုအောင်လွင် (ခ) ကိုမောင်ထင်း အပါအဝင် မရီရွှင်ကြည်း၊ ကိုရဲဝင်းနိုင် (ခ) ရန်ကျုံးခံ၊ လောက်ချိန်နဲ့ အားစောတို့ ၅ ဦးကို တွေ့ရှိရပြီးနောက် ကက်တမင်း ၁၂ ဒသမ ၁၅ ကီလို၊ အက်တက်စီဆေးပြား ၂,၀၀၀ ပြား၊ Happy Water ၄၇၅ ဂရမ်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၀၀၀ ပြားအပြင် အခြားသော ကက်တမင်းအရည်၊ အရောင်မှုန့်၊ ဘိန်းစာရွက်ပြုတ်ရည်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို ဖမ်းဆီးရမိပြီး မနက် ၈ နာရီခန့်မှာ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်အတွင်းမှာပင် ကိုအောင်နိုင် (ခ) အားကျီ၊ ကိုမင်းသက်နိုင် (ခ) အားချိန်၊ ကိုအောင်ကျော်နိုင် (ခ) ယောင်ချုံယု၊ ကိုအောင်မင်းသူ (ခ) ကျူးယုံအန်းနဲ့ ကိုနေမင်းထွေး (ခ) အားကျယ်တို့ ငှားရမ်းနေထိုင်တဲ့ နေအိမ်အတွင်းမှာ ဘိန်းဆီခဲ အလေးချိန် ၅ ဒသမ ၈ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၅၀၀ ဂရမ်၊ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၂၀၀ ဂရမ်၊ အက်တက်စီဆေးပြား ၅၀၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ပြား၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ CCDAC က ဖော်ပြထားပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့သူတွေကို မြဝတီမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တွေ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုရဲ့ သတင်းဖော်ပြချက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၇ ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၀၅ မှု ရှိပြီး ကာလတန်ဖိုး ငွေကျပ် ၃၁ ဒသမ ၈၃၇ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
