ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် ပုဒ်မ ၅၈(ဂ) နဲ့ အမှုဖွင့်ခံရ ၊အာမခံနဲ့ ပြန်လွှတ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် မသေချာ
ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စု ပြည်ထဲရေးဝန်ကြီးဌာနက ရွေးကောက်ပွဲဥပဒေ ၅၈ (ဂ) နဲ့ အမှုဖွင့်ခဲ့တယ်လို့ ပြည်သူ့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ထွေးထံက သိရပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲကို သင်္ဃန်းကျွန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့ ဦးလွင်မြင့်ကို သူ့ရဲ့နေအိမ်မှာ ရှိနေချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့က အခု ဒီဇင်ဘာ ၁၇ ရက်မှာ လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
“၅၈ (ဂ) နဲ့ ပြည်ထဲရေး အမှုဖွင့်တာ။ သူ့ကို စစ်ဆေးမေးမြန်းတာ လုပ်ပြီးသွားပြီ။ အခုလက်ရှိတော့ သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်။ သူ့ရဲ့ဖုန်းကိုတော့ စီအိုင်ဒီကိုပို့ပြီး စစ်ဆေးနေတယ်” လို့ ဦးကျော်ကျော်ထွေးက CJ Platform ကို ပြောပါတယ်။
ဦးလွင်မြင့် မဲဆွယ်စည်းရုံးချိန် နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေရှိခဲ့သလို မဲဆွယ်စည်းရုံးရေး လက်ကမ်းစာစောင်ထဲမှာလည်း “တော်လှန်ရေး”၊ “အရေးတော်ပုံ” စတဲ့ အသုံးအနှုန်းတွေကို သုံးစွဲခဲ့တာကြောင့် စစ်အုပ်စုထောက်ခံသူတွေက ဦးလွင်မြင့်ကို အရေးယူပေးဖို့ လှုံ့ဆော်ခဲ့ကြတာ ဖြစ်ပါတယ်။
“အဓိကကတော့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်လို့ လက်ကမ်းစာစောင်မှာ ရေးထားတာ။ နွေဦးတော်လှန်ရေး ဆိုတာကို တပ်မတော်က လက်မခံဘူးလေ။ ဒါကို သူက ထည့်ရေးထားတာ။ ဒါနဲ့ပတ်သက်ပြီး အရေးယူတာလို့ ထင်တယ်” လို့ ဦးကျော်ကျော်ထွေးက ဆက်ပြောပါတယ်။
ပုဒ်မ ၅၈(ဂ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဦးလွင်မြင့်အနေနဲ့ ကြိုးစားအားထုတ်ထားရမှုတွေလည်း ရှိတာကြောင့် အခုလိုအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံရတာမျိုး မဖြစ်စေချင်သလို ရွေးကောက်ပွဲအနိုင်ရပြီးမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံရတာမျိုး မဖြစ်စေချင်ဘူးလို့ သူက ဆက်ပြောပါတယ်။
ဦးလွင်မြင့်ဟာ နိုဝင်ဘာ ၂၁ရက်နေ့မှာ စစ်အုပ်စုရဲ့ လော်ဘီမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Nation Post (MNP) က သတင်းထောက် နောင်တော်လေးကို မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို ဟန့်တားတယ်လို့ဆိုကာ ရွေးကောက်ပွဲ ဥပဒေနဲ့ စိစစ်အရေးယူပေးဖို့ စစ်အုပ်စုလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားထားမှုဖြစ်စဉ်လည်း ရှိခဲ့ပြီး ယနေ့အချိန်ထိတော့ နောင်တော်လေးကို စစ်အုပ်စု လက်အောက်ခံ သတင်းမီဒီယာကောင်စီက အမှုဖွင့် အရေးယူမှုတော့ မရှိသေးပါဘူး။
လက်ရှိ ဦးလွင်မြင့်ကို အမှုဖွင့်ထားတဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၅၈(ဂ) ဟာ “နည်းဥပဒေများပါ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း” လို့ ဖော်ပြထားပြီး ဒီဥပဒေပုဒ်မကို ကျူးလွန်ဖောက်ဖျက်ပါက တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
