PDF မိသားစုတွေရှိရင် အလင်းဝင်ဖို့နဲ့ လက်နက်ပါလာရင်ဆုချမယ်လို့ စစ်အုပ်စုစည်းရုံးနေ
စစ်အုပ်စုဟာ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တချို့မှာ သူတို့ရဲ့ လက်အောက်ခံအုပ်ချုပ်ရေးမှူးတွေကတဆင့် ဒေသခံတွေကို စုဝေးခိုင်းပြီး PDF အဖြစ်ဝင်ရောက်နေတဲ့ မိသားစုဝင်တွေရှိပါက ပြန်လည်အလင်းဝင်ရောက်ဖို့နဲ့ လက်နက်ယူဆောင်လာပါက ဆုကြေးငွေပေးဆောင်ဖို့ စည်းရုံးတာတွေရှိနေတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။
အဲဒီလိုပြောဆိုမှုတွေကို မနေ့က ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခန့်မှာ စစ်ကိုင်းမြို့က ၊ ဧမြဝတီရပ်ဒေသခံတွေကို တစ်အိမ်တစ်ယောက် မလာမနေရလို့ဆိုကာ စုဝေးခေါ်ဆောင်ပြီး ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
“ ကိုယ့်သားသမီးတွေ PDFထဲရောက်ရှိနေရင် ပြန်ခေါ်ကြဖို့ ၊ PDFထဲဝင်နေတဲ့ မိသားစုတွေရှိရင် အလင်းဝင်ဖို့ လက်နက်ပါလာရင်ဆုချဖို့ပြောတာ ၊ အလင်းဝင်ရင်လည်း ဖမ်းဆီးတာတွေ မလုပ်ဘူးဆိုပြီး ပြောသွားတယ်” လို့ မြို့ခံဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီစည်းရုံးမှုကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်အုပ်စုတပ်သားတချို့က စည်းရုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဧမြဝတီရပ်ရဲ့ စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုတစ်ခုရှိခဲ့ပြီး ဒေသခံတွေကိုဖမ်းဆီးတာတွေလုပ်ဆောင်ပြီးနောက် အခုလိုလုပ်ဆောင်တာလို့လည်း အခြားဒေသခံတစ်ဦးက ပြောပါတယ်။
သူရဲ့ပြောဆိုချက်အရ “ ဧမြဝတီရပ်ကွက်ရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်တာကနေ အလုပ်လုပ်သွားတဲ့လူကိုမမိလို့ ရှိတဲ့လူတွေအိမ်တွေထဲထိဝင်ပြီး အကုန်ပတ်ဆွဲသွားတာ ၊ အယောက် ၃၀ လောက်ပါသွားတယ် ၊ ဒီနေ့လည်း တစ်အိမ်တစ်ယောက် အစည်းအဝေးဆိုပြီး မလာမနေရဆင့်ခေါ်တယ် ” လို့ နောက်ထပ်မြို့ခံတစ်ဦးက ဒီဇင်ဘာ ၁၉ ရက်နေ့က CJ Platform ကိုပြောပါတယ်။
မနေ့က ဒီဇင်ဘာ ၁၉ ရက်နေ့ မှာပင် ဖမ်းဆီးခံရသူတွေအတွက် မိသားစုဝင်တွေက လိုက်လံ အာမခံလက်မှတ်ရေးထိုးခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတာရှိပေမယ့် ၊ ဖမ်းဆီးခံရသူတွေထဲက တစ်ဦးကတော့ မနေ့ကညနေပိုင်းထိကတော့လွတ်မြောက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်အုပ်စုဟာ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေ ၊ မြို့တွင်းက မန္တလေး-မုံရွာလမ်းမကြီးပေါ်နဲ့ စစ်ကိုင်းတံတားတွေပေါ်မှာမကြာခဏဆိုသလို ဖမ်းဆီးတာတွေလုပ်ဆောင်ပြီး ဆယ်နဲ့ချီတဲ့ငွေကြေးတောင်းတာတွေ ၊ စစ်မှုထမ်းစေလွှတ်တာတွေ မကြာခဏလုပ်ဆောင်လေ့ရှိတယ်လို့လည်း ဒေသခံတွေအဆိုအရသိရပါတယ်။
ဓာတ်ပုံ – Pro-SAC
ပုံစာ – စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စုမှ သန်းခေါင်စာရင်း စစ်ဆေးနေပုံ (ပုံဟောင်း)
