ပုလဲမြို့နယ်အတွင်း NUG နဲ့ တင်းမာမှုတွေအပေါ် BNRA က ဆွေးနွေးဖို့လုပ်ဆောင်နေပေမယ့် NUG ဘက်က တုံ့ပြန်မှုမရှိဘူးလို့ ဗိုလ်နဂါး ပြော

Author CJ Platform
Categories
Published on Jan 20, 2026

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့တွေနဲ့ တင်းမာမှုတွေကြား ဆွေးနွေးဖို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က လုပ်ဆောင်နေပေမယ့် NUG ဘက်က တုံ့ပြန်မှုမရှိဘူးလို့ BNRA ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

 

NUG ခရိုင်တပ်ရင်းတွေနဲ့ BNRA ကြား လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လျော့ကျဖို့ BNRA ဘက်က ဖုန်း၊ အွန်လိုင်းတို့ကနေတစ်ဆင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုတာတွေ လုပ်ဆောင်ခဲ့ပေမယ့် NUG ဘက်က ဆွေးနွေးလိုမှုမရှိဘဲ ဖြစ်နေလို့ ဆိုပါတယ်။

 

“ဖုန်းရော အွန်လိုင်းပါ တိုက်ရိုက် ဆက်သွယ်ပြောဆိုတာပါ။ ဖုန်းချပစ်တာရှိသလို စကားပြောရင်လည်း ဆွေးနွေးမှုဆီ ဦးမတည်တာပါ။ ကျွန်တော်တို့ ခရိုင်အဆင့်ကို ဆက်သွယ်ထားတာ ရှိပါတယ်။ အပြန်အလှန် ဖြေရှင်းဖို့ ဆက်သွယ်ထားပေမယ့် အကြောင်းပြန်တာမျိုး အခုထိ မရှိသေးပါဘူး” လို့ ဗိုလ်နဂါးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိ နှစ်ဖက်ကြား တင်းမာမှုတွေကို တွေ့ဆုံဖြေရှင်းဖို့ BNRA ဘက်က ဆက်သွယ်လာပါက ညှိနှိုင်းဖို့ရှိနိုင်သလားဆိုတာကို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတွေကို CJ Platform က ဆက်သွယ်မေးမြန်းထားပေမယ့် အခု သတင်းဖော်ပြချိန်အထိတော့ ပြန်လည်ဖြေဆိုတာမျိုး မရှိသေးပါဘူး။

 

NUG လက်အောက်ခံ ယင်းမာပင်ခရိုင်တပ်ရင်းတွေနဲ့ BNRA ကြား ပဋိပက္ခဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ပိုမိုဆိုးရွားလာတာဖြစ်ပြီး ပုလဲမြို့နယ်အတွင်း အခွန်ကောက်ခံရေးဂိတ် ဖွင့်လှစ်မှုအပေါ် လက်နက်ကိုင်နှစ်ဖွဲ့ကြား ပစ်ခတ်မှု၊ အပြန်အလှန်ဖမ်းဆီးမှုတွေ ရှိလာနေတာပါ။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က ပုလဲမြို့နယ် ပန်းရွာလမ်းစုံက NUG ခရိုင်တပ်ရင်း အခွန်ဂိတ်ကို BNRA တပ်ရင်းက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို့ ဦးနေဘုန်းလတ်က CJ Platform ကို ပြောကြားထားပါသေးတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ BNRA တပ်ရင်းအနေနဲ့ စီးနင်းတိုက်ခိုက်တာမျိုးမရှိဘဲ အောက်ခြေရဲဘော် ၄ ဦးနဲ့သာ ပဋိပက္ခဖြစ်ပွားခဲ့တာလို့ ဗိုလ်နဂါးကလည်း CJ Platform ကို ပြောပါတယ်။

 

ဓာတ်ပုံ – BNRA

 

 

Related News

Depend on news