ကျားဖြန့်နဲ့ပတ်သက်ခဲ့တဲ့ ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း ထောင်တစ်သက် ချမှတ်ခံရ

Author CJ Platform
Categories
Published on Nov 20, 2025

ဖိလစ်ပိုင်နိုင်ငံ ဘမ်ဘန်မြို့တော်ဝန်ဟောင်း အဲလစ်ဂူ ကို လူကုန်ကူးမှု ကျူးလွန်ရာမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ပြစ်မှုကြောင့် ဖိလစ်ပိုင်တရားရုံးက ဒီနေ့ နိုဝင်ဘာ ၂၀ ရက်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့တယ်လို့ DW သတင်းဌာန နဲ့ ဖိလစ်ပိုင်ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံသား ဂူဟွာဖင်း ဟာ ဖိလစ်ပိုင်နိုင်ငံသားအဖြစ် မွေးစာရင်းနဲ့ မှတ်ပုံတင်အထောက်အထားအတု ‌ပြုလုပ်ခဲ့ပြီးနောက်ပိုင်း “အဲလစ်ဂူ” နာမည်နဲ့ မြို့တော်ဝန်ရာထူးအဆင့် ထိ ရခဲ့သူဖြစ်ပါတယ်။ သူဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ ငွေကြေးလိမ်လည်မှုတွေ အပြင် ငွေကြေးခဝါချမှုတွေ မှာပါ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

 

မြို့တော်ဝန်ဟောင်း အဲလစ်ဂူကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မှာ ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာလက ဖိလစ်ပိုင်ကို ပြန်လည်လွှဲပြောင်းပေး ပြီးခဲ့ပါတယ်။ အဲလစ်ဂူအပါအဝင် နိုင်ငံခြားသား ၈ ဦးကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တယ်လို့ ပြည်နယ်အဆင့် အစိုးရရှေ့နေ အိုလီဗာ ယာတော်ရယ်ဗီးလတ်စ် က ပြောပါတယ်။

 

“တရားရင်ဆိုင်ပြီး တစ်နှစ်ကျော်ကြာတဲ့အချိန်မှာ တရားရုံးက အဲလစ်ဂူနဲ့ အခြားသူ ၇ ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်” လို့လည်း ယာတော်ရယ်ဗီးလတ်စ်ကဆိုပါတယ်။
ဖိလစ်ပိုင်အာဏာပိုင်တွေက ၂၀၂၄ မတ်လအတွင်း ဘမ်ဘန်မြို့ရှိ ကျားဖြန့်စင်တာတွေ ကို ဝင်ရောက်စီးနင်းခဲ့တာလည်း ဖြစ်ပါတယ်။

 

ဖိလစ်ပိုင်သတင်းဌာနတွေက ဖော်ပြတာအရ အဲလစ်ဂူရဲ့ပြစ်မှုအတွက် ပထမဦးဆုံး ထောင်ဒဏ် ၄၀ နှစ် နဲ့ ငွေဒဏ် ပီဆို ၂ သန်း (ဒေါ်လာ ၃၃,၈၇၅ ခန့်) ချမှတ်ခဲ့ပေမဲ့ နောက်ပိုင်း ထောင်တစ်သက် အဖြစ် ပြင်ဆင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 

“ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အာဏာပိုင်ဟောင်းတစ်ဦးကို ဒီလို တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်နိုင်ခြင်း ဟာ နစ်နာသူတွေအတွက် တရားမျှတမှုတစ်ခု ဖြစ်သလို အစိုးရရဲ့ တိုက်ဖျက်နိုင်စွမ်းကိုလည်း ပြသပေးတဲ့ အောင်မြင်မှုတစ်ခု” လို့ PAOCC ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

 

၂၀၂၄ နှစ်ဆန်းပိုင်းက လူဇွန်ပြည်နယ် ဘမ်ဘန်မြို့ထဲမှာ ကျားဖြန့်လုပ်ငန်း ထဲက အလုပ်သမားတစ်ဦးက အကြမ်းဖက်နှိပ်စက်မှုနဲ့ အကြံပြုအတည်ပြုလုပ်ဆောင်ချက်တွေကို အာဏာပိုင်တွေကို အသိပေးခဲ့ပြီးနောက် ဝင်ရောက်စီးနင်းမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

 

အဲဒီစီးနင်းမှုတွေအတွင်း ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနဲ့ ရဝမ်ဒါ စုစုပေါင်း ၇၀၀ ကျော် ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

 

ဓာတ်ပုံ – AFP