ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ)

Published on Oct 19, 2024

ဒီတစ်ပတ် (အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ)အတွင်းမှာတော့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း တိုက်ပေါ်က ပြုတ်ကျ သေဆုံးတဲ့သတင်း အပါအဝင် ဂါဇာစစ်ပွဲစတင်စေခဲ့သူ ဟားမက်စ်ခေါင်းဆောင် သေဆုံးတဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားကို မြောက်ကိုရီးယားတပ်တွေ စေလွှတ်နေတဲ့သတင်း၊ ယူကရိန်းအတွက် ထောက်ပံ့မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့  အမေရိကန်ပြောတဲ့သတင်း နဲ့ ကျူးဘားမှာ စွမ်းအင်ချွေတာတဲ့အနေနဲ့ စာသင်ကျောင်းနဲ့ ရုံးတချို့ပိတ်ပစ်ရတဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

 

“သူချစ်တဲ့ ပရိသတ်တွေကို ထာဝရ နှုတ်ဆက်ထွက်ခွာသွားတဲ့ လီယမ်ပိန်း”

 

အဆိုတော် လီယမ်ပိန်းဟာ အောက်တိုဘာ ၁၆ ရက် ညပိုင်းက အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ် မြို့တော်က ဟိုတယ်တစ်ခုရဲ့ လသာဆောင် သုံးထပ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်။ ပိန်းဟာ မကွယ်လွန်ခင် အထပ်မြင့်က ပြုတ်ကျတဲ့ အရှိန်ကြောင့် ပြင်းထန်ဒဏ်ရာတွေ ခံစားခဲ့ရပြီး ဆေးရုံကို အမြန်ဆုံးပို့နိုင်လိုက်ပေမဲ့ သူ့ရဲ့ အသက်ကို မကယ်နိုင်လိုက်ပါဘူး။

 

၂၀၀၈ တုန်းက ယူကေက အဆိုပြိုင်ပွဲ X Factor မှာ ပထမအကြိမ် ၀င်ပြိုင်ခဲ့တဲ့ ပိန်းဟာ ၂၀၁၀ ခုနှစ် ဒုတိယအကြိမ် ထပ်ပြီး ဝင်ပြိုင်ခဲ့ပါသေးတယ်။ အဲဒီနောက် တခြားပြိုင်ပွဲဝင် ၄ ဦးနဲ့အတူ One Direction အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

 

One Direction အဖွဲ့ ဖွဲ့ပြီးတဲ့နောက်မှာတော့ ဟယ်ရီစတိုင်၊ ဇေရန်မားလစ်ခ်၊ နေးလ်ဟော်ရန်၊ လူးဝစ်တွန်လင်ဆင်နဲ့ ပိန်း စတဲ့ လူငယ်အဆိုတော် ငါးဦးဟာ လူသိများထင်ရှားလာခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ တေးအယ်လ်ဘမ်အတွက် စံချိန်တင် သန်း ၇၀ ကျော် ရောင်းချခဲ့နိုင်ပါတယ်။

 

ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် ပိန်းဟာ Girls Aloud အဖွဲ့က အဆိုတော် ချယ်ရီးကိုးလ်နဲ့ ၂၀၁၆ မှာ အိမ်ထောင်ကျပြီး သား တစ်ယောက် ထွန်းကားခဲ့ပါတယ်။ ၂၀၁၈ မှာတော့ သူတို့နှစ်ဦး အိမ်ထောင်ကွဲခဲ့ပြီးနောက် သားဖြစ်သူကတော့ လက်ရှိမှာ အသက် ၇ နှစ်အရွယ်ကို ရောက်ရှိနေပါပြီ။

 

ပိန်းအနေနဲ့  ၂၀၁၉ မှာ တစ်ကိုယ်တော်အယ်လ်ဘမ် ထုတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အရက်နဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကြောင့် ဆေးကုသမှု ခံယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက မူးယစ်ဆေးဝါး မသုံးတာ ခြောက်လကြာနေပြီလို့ သူကိုယ်တိုင် ပြောဆိုခဲ့ပါသေးတယ်။

 

သူ မသေဆုံးခင်ရက်ပိုင်း အာဂျင်တီးနားမှာ ရှိနေချိန်အတွင်း သူ့ရဲ့ Snapchat ဆိုရှယ်မီဒီယာမှာ သူ့အနေနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့အကြောင်း ရေးတင်ခဲ့ပါသေးတယ်။ အောက်တိုဘာ ၂ ရက်က မျှဝေထားတဲ့ ဗီဒီယိုမှာဆိုရင် သူ့ရဲ့ ပရိသတ်တွေကို ချစ်သူ ကိတ် ကက်ဆီဒီ နဲ့ One Direction အဖွဲ့ရဲ့ သီချင်းဟောင်းတွေကို သီဆိုပြီး ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့တာပါ။

 

အခုတော့ ပိန်းတစ်ယောက် သူချစ်တဲ့ အနုပညာလုပ်ငန်းတွေနဲ့ ပရိသတ်တွေကို ထာဝရ လက်ပြ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ ဒီဖြစ်ရပ်အတွက် ယူကြုံးမရ ဖြစ်နေကြရပါတယ်။

****************************************

 

“တူးမြောင်းထဲက ကြွက်စုတ်ကြီးရဲ့ အဆုံးသတ်၊ အစ္စရေးတို့အတွက် မဟာအောင်ပွဲ”

 

ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုအတွင်း အဖွဲ့ခေါင်းဆောင် ယာယာဆင်ဝါသေဆုံးသွားပြီလို့ ဟားမက်စ်အဖွဲ့က ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ အစ္စရေးဘက်ကတော့ ဟားမက်စ်ခေါင်းဆောင် ယာယာဆင်ဝါကို အောက်တိုဘာ ၁၆ ရက်နေ့ ပါလက်စတိုင်းနယ်မြေထဲက စစ်ဆင်ရေးတစ်ခုအတွင်း ရှင်းလင်းသတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။ အစ္စရေး စစ်တပ်ဟာ ဟားမတ်စ် ခေါင်းဆောင် ဟုတ်မဟုတ် ဆိုတာကို သိနိုင်ဖို့ တဲလ်အဗစ်အထိ အလောင်းကို ယူသွားပြီး DNA စစ်ဆေး၊ အတည်ပြုခဲ့တာပါ။

 

ယာယာဆင်ဝါဟာ ဂါဇာစစ်ပွဲကို ဖြစ်စေခဲ့တဲ့ ဟားမက်စ်တို့ရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် အစ္စရေးတိုက်ခိုက်မှုကို ဦးဆောင်ညွှန်ကြားခဲ့သူဖြစ်တယ်လို့ အများက လက်ခံယုံကြည်နေကြတာပါ။ အခုလိုမျိုး သူ သေဆုံးသွားတာဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခအဆုံးသတ်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက ပြောဆိုကြပေမဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကတော့ ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံး မလွတ်မချင်း စစ်ပွဲဟာ ရပ်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

 

အစ္စရေးဘက်ကတော့ မြေအောက် တူးမြောင်းထဲက ကြွက်စုတ်ကြီးလို့ အမည်ပေးထားတဲ့ ယာယာဆင်ဝါ သေဆုံးမှုအပေါ် ပျော်ရွှင်နေကြပါတယ်။ ဒီသတင်းကြားပြီးနောက် အစ္စရေးနိုင်ငံရဲ့ တချို့ နေရာတွေမှာ ပြည်သူတချို့ လက်ခုပ်တီးအားပေးနေတဲ့ ဗီဒီယိုဖိုင်တွေ အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း နေတန်ညာဟုကို ဖုန်းဆက်ပြီး ယာယာဆင်ဝါသေဆုံးမှုအပေါ် ဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်။

 

အစ္စရေးအတွက်တော့ သူတို့ကိုယ်တိုင် ယာယာဆင်ဝါကို အဆုံးသတ်နိုင်လိမ့်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ စစ်ဆင်ရေးအတွင်း ယာယာဆင်ဝါနဲ့ တူတဲ့ လူတစ်ယောက်ကို တွေ့ရင်းကနေ အတည်ပြုလိုက်ရာမှာ ဟားမက်စ်တို့ရဲ့ ခေါင်းဆောင် အမှန်တကယ်ဖြစ်နေခဲ့တာပါ။ ဝန်ကြီးချုပ် နေတန်ညာဟုကတော့ “ဒီကနေ့မှာ ကျွန်တော်တို့ စာရင်းရှင်းလိုက်နိုင်ပါပြီ။ ဒီကနေ့မှာပဲ မကောင်းဆိုးဝါးကို ထိုးနှက်နိုင်လိုက်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တာဝန်က မပြီးဆုံးသေးပါဘူး”လို့ ဗီဒီယိုမိန့်ခွန်းတစ်ခုမှာ အသိပေးခဲ့ပါတယ်။

****************************************

 

“မြောက်ကိုရီးယားကတော့ နိုင်ငံတကာ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်လိုက်ပါပြီ”

 

မြောက်ကိုရီးယားဟာ ပထမအသုတ်အနေနဲ့ ရုရှားနိုင်ငံ Vladivostok မြို့ကို မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင် ၁,၅၀၀ စေလွှတ်လိုက်ပြီဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က အသိပေးလာပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီဟာ ဂြိုလ်တုကနေ ရိုက်ယူထားတဲ့ ပုံတွေကို ယမန်နေ့ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

 

ဒီလုပ်ရပ်မှာ မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်လိုက်တာပဲဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက သတိပေးလိုက်ပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားပါဝင်လာတာဟာ အရေးကြီးတဲ့ ကိစ္စဖြစ်လို့ သိသိချင်းမှာပဲ တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယောက စစ်တပ်နဲ့ အမျိုးသားလုံခြုံရေးအရာရှိတွေအပြင် ထိပ်တန်း ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေကိုခေါ်ပြီး အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

 

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်နိုင်ငံကြား လုံခြုံရေး အခိုင်အမာချထားတဲ့ နယ်စပ်ဒေသက လမ်းပိုင်းနဲ့ မီးရထားလမ်းတချို့ကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ ကိစ္စအပြီး မြောက်ကိုရီးယားအနေနဲ့ အခုထပ်ပြီးတော့ တောင်ကိုရီးယားကို အလုပ်ထပ်ရှုပ်သွားစေတာပဲဖြစ်ပါတယ်။

 

Yonhap သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီရဲ့ နောက်ထပ်သီးခြား ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားဟာ ရုရှားဘက်ကို အထူး တပ်ဖွဲ့တွေ အပါအဝင် တပ်ဖွဲ့ဝင် ၁၂,၀၀၀ စေလွှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

 

မြောက်ကိုရီးယားနဲ့ ရုရှားကြား စစ်လက်နက်တွေ ပံ့ပိုးတဲ့ အခြေအနေကို ကျော်လွန်သွားပြီး အခုလို တိုက်ခိုက်ရေးအတွက် လူအင်အားတွေပ စေလွှတ်နေလို့ တောင်ကိုရီးယားအတွက်သာမက နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ စိန်ခေါ် ခြိမ်းခြောက်သလိုဖြစ်သွားစေတယ်လို့ တောင်ကိုရီးယားက အသိပေးထားပါတယ်။

 

နိုင်ငံတကာသတင်းဌာနတွေရဲ့ ထပ်ဆောင်း ဖော်ပြချက်တွေအရ ရုရှားအနေနဲ့ မြောက်ကိုရီးယားဘက်က ရောက်လာတဲ့ အဖွဲ့ဝင်တွေကို လက်ရှိမှာ ရုရှားစစ်ယူနီဖောင်းအပြင် ရုရှားလုပ်လက်နက်တွေကို ပံ့ပိုးတာတွေနဲ့ သူတို့အားလုံးကို  ဆိုက်ဘေးရီးယားဒေသခံအဖြစ် အထောက်အထားစာရွက်စာတမ်း အတုတွေ ထုတ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ရုရှားကို ကူညီဖို့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေကို စေလွှတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာလို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ငြင်းဆိုထားပေမဲ့ အခုတော့ သက်သေတွေနဲ့အတူ သတင်းမှန်ကန်ကြောင်း ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

****************************************

 

“ဂျိုးဘိုင်ဒမ်ရဲ့ နေ့ချင်းပြန် ဂျာမနီခရီးစဉ်မှာ ဘာတွေထူးလဲ”

 

အမေရိကန် ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းနှစ်ပတ်ကျော်သာ လိုတော့တဲ့အချိန်မှာ သမ္မတ ဂျိုးဘိုင်ဒမ်ကတော့ ဂျာမနီနိုင်ငံကို ခရီးဆက်ခဲ့ပါတယ်။ ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့က သွားတဲ့ သူ့ရဲ့ နေ့ချင်းပြန် ဂျာမနီ ခရီးမှာ  ရုရှား-ယူကရိန်း စစ်ပွဲအတွက် အရေးပါတဲ့ ပြောဆိုမှုတွေကို ပြုလုပ်သွားတာပါ။ ဒါ့အပြင် ယူကရိန်းအရေးအပါအဝင် အရှေ့အလယ်ပိုင်းအရေးနဲ့ အီရန်အရေးတွေလည်း ဆွေးနွေးခဲ့ပါသေးတယ်။

 

ဂျိုးဘိုင်ဒမ်ကတော့ နေတိုးမဟာမိတ်အဖွဲ့တွေကို ယူကရိန်းအတွက် ကူညီထောက်ပံ့နေတာတွေကို ရပ်ပစ်လိုက်လို့ မရဘူးလို့ အသိပေးသလို တရားမျှတပြီး ရေရှည်တည်တံ့မဲ့ ငြိမ်းချမ်းရေး ရတဲ့အထိ ဆက်လက် ကူညီသွားရမယ်လို့ ဆိုပါတယ်။  လာမယ့်နှစ် ဇန်နဝါရီမှာ အမေရိကန် သမ္မတ ရာထူးတာဝန် မလွှဲခင်အထိ ဂျိုးဘိုင်ဒမ်ဟာ ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ရည်မှန်းချက်ကြီးကြီး ရှိနေတာ ပေါ်လွင်လှပါတယ်။

 

ရုရှား-ယူကရိန်း ပဋိပက္ခစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း  အဆိုးရွားဆုံးတွေဖြစ်ခဲ့တဲ့ စစ်ပွဲလည်းဖြစ်ပါတယ်။ ဥရောပဘက်ခြမ်းကတော့ ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းကို ကူညီဖို့ အမေရိကန်ကိုလည်း အားကိုးနေရတဲ့ ပုံစံပါ။ ဂျာမနီဟာ အမေရိကန်ပြီးရင် ယူကရိန်းကို ကူညီမှုအများဆုံးလုပ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။  အမေရိကန် သမ္မတ ဂျိုးဘိုင်ဒမ်ဟာ ခရီးစဉ်မှာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer၊ ဂျာမန်အဓိပတိ Olaf Scholz၊ ပြင်သစ်သမ္မတ မက်ခရွန်းတို့နဲ့ ဘာလင်မှာ တွေ့ဆုံခဲ့ပါတယ်။

 

အမေရိကန်သမ္မတ Joe Biden ကို အဲဒီနေ့မှာ ဂျာမန်သမ္မတ Frank-Walter Steinmeier က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကော်ဇောနီခင်း ကြိုဆိုခဲ့ပြီး ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ Order of Merit ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ အတ္တလန်တိတ်သမုဒ္ဒရာ ရပ်ဝန်းနိုင်ငံတွေကြား ဆက်ဆံရေး ကောင်းမွန်အောင် အထူးဆောင်ရွက်နိုင်သူအဖြစ် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

****************************************

 

“စွမ်းအင်ကပ်ဘေးဆိုက်နေတဲ့ ကျူးဘား”

 

ကျူးဘားနိုင်ငံဟာ ဆိုးရွားတဲ့ စွမ်းအင်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတဝန်းမှာ နာရီပေါင်းများစွာ လျှပ်စစ်ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ရုံးတချို့ကို အောက်တိုဘာ ၁၈ ရက်နေ့ကစပြီး ပိတ်ပစ်လိုက်ပါတယ်။

 

နိုင်ငံမှာ တစ်ရက်ကို ၁၂ နာရီအထက် လျှပ်စစ်မီးတွေပြတ်တောက်နေသလို မြို့တော်ဟာဗာနားပြင်ပက နေရာတချို့မှာ တစ်ရက်ကို ၆ နာရီအောက်ပဲ လျှပ်စစ်မီးရရှိနေကြတာပါ။ တချို့ပြည်နယ်တွေမှာတော့ နာရီပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ကြုံတွေ့နေရပါတယ်။

 

စာသင်ကျောင်းတွေနဲ့ ရုံးတချို့ကို ပိတ်လိုက်တာဟာ စွမ်းအင်အလွန်အမင်း ပြတ်တောက်နေမှုကို ကုစားဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မူလတန်းကနေ တက္ကသိုလ်အဆင့်အထိကို ပိတ်ထားမှာဖြစ်သလို ညပိုင်းဖျော်ဖြေရေးအစီအစဉ်တွေအပါအဝင် အပန်းဖြေရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ နိုင်ငံရဲ့ လျှပ်စစ်သမဂ္ဂ (UNE) က အသိပေးထားပါတယ်။

 

အဲဒီလို ဖြစ်နေချိန်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ မီလ်တန်မုန်တိုင်းကြောင့် ကမ်းလွန်သင်္ဘောတွေကနေ လောင်စာဆီတွေကို ဓာတ်အားပေးစက်ရုံတွေဆီ ပို့ဆောင်ဖို့ ခက်ခဲသွားတာကလည်း လူပေါင်း ၁၀ သန်းလောက် လျှပ်စစ်မီးမရနေတဲ့ အခြေအနေ ဆိုက်သွားတာပါ။

 

“လောင်စာဆီရှားပါးမှုက အကြီးမားဆုံး အကြောင်းရင်းပါပဲ” လို့ ဝန်ကြီးချုပ် မန်နျူရယ်မာရီရို က ဆိုပါတယ်။

 

ကျူးဘားအစိုးရဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက် ချမှတ်ခဲ့တဲ့ အရေးယူမှုတချို့ကြောင့် လောင်စာဆီနဲ့ ရေနံသုံးဓာတ်အားပေး စက်ရုံတွေအတွက် အရန်ပစ္စည်းရှားပါးဖြစ်လာခဲ့တယ်လို့ စွပ်စွဲထားပါတယ်။  ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ကျူးဘားရဲ့ အဓိကလောင်စာဆီ တင်သွင်းသူဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံကလည်း သူတို့ရဲ့ တင်ပို့မှုကို လျှော့ချထားပါတယ်။

 

ဒါပေမဲ့ ကျူးဘားအစိုးရကတော့  လာမယ့်ရက်တွေမှာ ရာသီဥတု ပိုကောင်းလာပြီး လက်ရှိရောက်ထားတဲ့ လောင်စာဆီတွေကို နိုင်ငံတဝန်း ဖြန့်ဖြူးပေးနိုင်လိုက်ရင်တော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးမြှင့်လာဖို့ မျှော်လင့်ထားတယ်လို့ အသိပေးထားပါတယ်။