ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (အောက်တိုဘာလ ၁၃ မှ ၁၉ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Oct 19, 2024

ဒီတစ်ပတ် (အောက်တိုဘာလ ၁၃ မှ ၁၉ ရက်အထိ)အတွင်း စစ်ကောင်စီတပ်ရဲ့ NCA ကိုးနှစ်ပြည့်သွားပါတယ်။ အဲဒီနေ့မှာ စစ်ခေါင်းဆောင်မိန့်ခွန်းထွက်ပြောခဲ့ပါတယ်။ နောက်ပြီး သန်းခေါင်စာရင်းကောက်ရက်ပြည့်သွားပေမဲ့ လကုန်အထိ စစ်ကောင်စီ ရက်ဆွဲဆန့်လိုက်တဲ့သတင်း၊ စစ်ခေါင်းဆောင်တွေ တစ်ပတ်အတွင်း ဘာလုပ်ခဲ့လဲ။ အာဏာသိမ်းလေးနှစ်အတွင်း စစ်ခေါင်းဆောင်ရဲ့ တရုတ်သွားဖို့ရှိနေပါတယ်။

 

အဲဒီလို စစ်ကောင်စီရဲ့ လှုပ်ရှားမှုသတင်းတွေအပြင် တော်လှန်ရေးအောင်ပွဲသတင်းတွေက ဒီတစ်ပတ်ထဲမှာလည်း ရှိနှင့်နေခဲ့ပြန်ပါတယ်။ ရှမ်းမြောက်က သီပေါတစ်မြို့လုံးကို သိမ်းလိုက်နိုင်သလို စစ်ကောင်စီရဲ့ အဓိကတပ်စခန်းကြီးတွေဖြစ်တဲ့ မြဝတီ၊ လေးကေ့ကော်က စွယ်တော်ကုန်း အမြောက်တပ်စခန်းကို KNLA/PDF ၊ ကချင်ပြည်၊ ပန်ဝါမြို့က မြို့စောင့်တပ်ကို KIA/PDF တို့က သိမ်းပိုက်လိုက်နိုင်ကြပါတယ်။

 

နောက်ပြီး စစ်ကောင်စီက QR စနစ်နဲ့ ပြည်တွင်း/ပြည်ပ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် စတင်လိုက်တဲ့သတင်း၊ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆုရသွားတဲ့သတင်းတွေအပါအဝင် သတင်းထူးတွေ အတော်များခဲ့တဲ့ ရက်သတ္တပတ်လို့ဆိုရပါမယ်။ အဲဒီလိုသတင်းထူးတွေထဲက အထူးခြားဆုံးတွေကို ရွေးထုတ်ပြီး အနှစ်ချုပ်ဖော်ပြသွားမှာဖြစ်ပါတယ်။

****************************************

 

“ဒီတစ်ပတ် စစ်ခေါင်းဆောင်တွေ ဘယ်တွေသွားပြီး ဘာတွေပြောခဲ့ကြသလဲ”

 

ဒီတစ်ပတ်အတွင်း အောက်တိုဘာ ၁၃ ရက် တနင်္ဂနွေနေ့တုန်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကို ဒုစစ်ခေါင်းဆောင် စိုးဝင်းတက်ရောက်ခဲ့ပါတယ်။

 

အဲဒီပွဲမှာ သူက “မြန်မာနိုင်ငံအလယ်ပိုင်းမှာ နှစ်ပေါင်း(၈၀)ကျော်၊ (၁၀၀)အတွင်း မကြုံစဖူး ခံစားခဲ့ရတယ်” လို့ ပြောခဲ့ပါတယ်။ စစ်ခေါင်းဆောင်ကတော့ စက်တင်ဘာ ဒုတိယပတ်ထဲ နှစ် ၅၀ အတွင်း အဆိုးရွားဆုံးလို့ ပြောခဲ့ပါတယ်။

 

စက်တင်ဘာ ရေဘေးထဲ တိုင်းနဲ့ ပြည်နယ် ကိုးခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး အိမ်ထောင်စု ရှစ်သောင်းကျော်၊ လူဦးရေ တစ်သန်းနီးပါး ရေဘေးတွေ့ခဲ့တယ်လို့ ဒုချုပ်စိုးဝင်းက တနင်္ဂနွေနေ့ပွဲမှာ ပြောခဲ့ပါတယ်။

 

အဲဒီထဲ သေဆုံး/ပျောက်ဆုံးသူ ၅၂၀ ဦးရှိခဲ့ပြီး တိရိစ္ဆာန် တစ်သိန်းရှစ်သောင်းကျော် သေဆုံးခဲ့ရတယ်လို့ ပြောသွားပါတယ်။

 

ဒါ့အပြင် စပါးနဲ့ သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ပျက်စီးခဲ့ရသလို လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးပိုင်းတွေလည်း ပျက်စီးခဲ့တယ်လို့ ဒုချုပ်စိုးဝင်းက ပြောပါတယ်။

ရေဘေးအတွက် အလှူငွေ ကျပ် ၅၂ ဘီလျံကျော် သူတို့ စစ်ကောင်စီကို ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် စစ်တပ်နဲ့မကင်းတဲ့လုပ်ငန်းရှင်တွေ လာလှူခဲ့တာ အံ့အားသင့်ဖွယ်ပဲလို့လည်း ပြောသွားပါသေးတယ်။

 

အောက်တိုဘာ ၁၄ ရက် တနင်္လာနေ့မှာတော့ ၂၅ ကြိမ်မြောက် ဆိုကရေးတီးပြိုင်ပွဲကို စစ်ခေါင်းဆောင်နှစ်ယောက်စလုံးတက်ရောက်ခဲ့ကြပါတယ်။

 

အဲဒီမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဟာဇနကဇာတ်တော် တင်ဆက်မှုကနေ မဆုမနစ်ကြိုးစားရင် မျှော်မှန်းတဲ့ပန်းတိုင်ကို ရောက်တယ်ဆိုတဲ့သင်ခန်းစာကို ပုံဖော်နိုင်အောင် တင်ဆက်ဖို့ ပြောပါတယ်။

 

ဒါ့အပြင် ရုပ်သေးပွဲက “ဝေဿန္တရာ” ဇာတ်တော်ကနေ ဓမ္မနဲ့ အဓမ္မ အားပြိုင်မှုတွေကို ပေါ်လွင်အောင် တင်ဆက်ဖို့လည်း အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီးက ပြောသွားပါတယ်။

 

အဲဒီနောက် အောက်တိုဘာ ၁၅ ရက် အင်္ဂါနေ့မှာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA)စာချုပ် ကိုးနှစ်ပြည့် စစ်ခေါင်းဆောင်က မိန့်ခွန်းထွက်ပြောခဲ့ပါတယ်။

 

“ဒီသဘောတူစာချုပ် ရေးထိုးပြီးချိန်ကတည်းက စာချုပ်ပါကတိကဝတ်တွေကို လေးစားပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြတဲ့ EAO များကို တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေပေးရင်ပေးသလို ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေတဲ့ EAO တွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ NCA ကို လက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနဲ့ ဒီမိုကရေစီအရေးအတွက်ပဲ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

 

အဲဒီနောက် ဒုစစ်ခေါင်းဆောင်ဟာ စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာအပါအဝင် ဝန်းသိုမြို့တို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ ဆေးရုံတက်နေတဲ့ အရာရှိ၊ စစ်သည်တွေအပါအဝင် တခြားအရာရှိ၊ စစ်သည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီမှာ ဒုစစ်ခေါင်းဆောင်က သူတို့စစ်ကောင်စီဖော်ဆောင်နေတဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ အလေးထားပြောကြားသွားပါတယ်။

 

သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေအလိုက် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ စနစ်တကျဖွဲ့စည်းထားဖို့၊ ပြည်သူအားလုံး ပါဝင်ပူးပေါင်းလာစေရေး စည်းရုံးလုပ်ဆောင်ဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင်က တိုက်တွန်းသွားပါတယ်။

 

နမခကို ဒုစစ်ခေါင်းဆောင် ရောက်နေချိန် အဲဒီနေ့ မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက သူရှိမယ်လို့ယူဆတဲ့ စစ်ရုံးချုပ်နဲ့ ရဟတ်ယာဥ်တွေရှိရာတွေကို ကာမီကာဇေ ဒရုန်းနှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာတော့ စစ်ခေါင်းဆောင်က ဆိုကရေးတီးပြိုင်ပွဲကို ဒုတိယအကြိမ်သွားရောက်ခဲ့ပြီး မဟာဇနကဇာတ်ပြိုင်ပွဲကို ကြည့်ခဲ့ပါတယ်။

 

အောက်တိုဘာ ၁၈ ရက် သောကြာနေ့မှာလည်း စစ်ခေါင်းဆောင်နှစ်ယောက်စလုံး ဆိုကရေးတီးပြိုင်ပွဲကို သွားကြည့်ခဲ့ပြန်ပါတယ်။

 

ဒီတစ်ပတ်လုံး စစ်ခေါင်းဆောင်က နေပြည်တော်ပြင်ပမထွက်ခဲ့ဘဲ ဒုစစ်ခေါင်းဆောင်ကတော့ PDF တွေအားကောင်းတဲ့ အညာဒေသ နမခရှိရာ စစ်ကိုင်းကို သွားရောက်ခဲ့ပါတယ်။

****************************************

 

“NCA ကိုးနှစ်ပြည့် စစ်ခေါင်းဆောင်ပေးတဲ့ မက်ဆေ့”

 

ယူနီဖောင်းပြောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ လက်မှတ်ထိုးခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)စာချုပ် ဒီတစ်ပတ်ထဲ ကိုးနှစ်ပြည့်ခဲ့ပါတယ်။

 

အဲဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းထွက်ပြောခဲ့ပါတယ်။

အဲဒီထဲ စစ်ကောင်စီတပ်အနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားမှာဖြစ်တယ်လို့ ပြောသွားပါတယ်။

 

“NCA ကို ကျွန်တော်တို့ ဘယ်လောက် အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်ခဲ့ကြလဲ။ NCA လမ်းကြောင်း ဘယ်လောက် ခိုင်မာမှုရှိခဲ့ပြီလဲဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်” လို့ အာဏာသိမ်း တပ်ခေါင်းဆောင်က ပြောပါတယ်။

 

နောက်ပြီး ဒီစာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့ EAO တွေထဲ စစ်တပ်သဘောအတိုင်း လက်ညှိုးထောင်၊ ခေါင်းညှိမ့်ခဲ့တဲ့ EAO တွေကို  တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြတဲ့ EAO တွေလို့ သူက ရည်ညွှန်းပြောဆိုထားပါတယ်။

 

ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးလို့ဆိုရာမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါသေးတယ်။

 

ဆက်လက်ပြီး NLD အစိုးရကို ရည်ညွှန်းပြီး ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရ အစိုးရခဲ့ချိန် ပြည်သူလူထု အများစု ဒီမိုကရေစီအနှစ်သာရအပြင် ဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ အလှမ်းဝေးနေခဲ့တာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးလက်နက်ကိုင်ခေါင်းဆောင်က ပြောပါတယ်။

 

တဖန် NUG နဲ့ ပူးပေါင်းတဲ့ EAO တွေကိုလည်း အပြစ်ဖို့ထားသလို ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ပြီး ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်ကို သိမ်းနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့ကြတဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ အာရက္ခတပ်တော် AA တို့ကြောင့် ပြည်သူတွေရဲ့ ပိုမိုဆိုးရွားစေခဲ့တယ်လို့ အပြစ်ဖို့ပါတယ်။

 

နောက်ပြီး သူ့တပ် စစ်ကောင်စီ ကရင်နီ(ကယား)ပြည်က KNPP ၊ KNDF ၊ ရှမ်းပြည်တောင်ပိုင်းက PNLO ၊ ကချင်ပြည်က KIA နဲ့ ကရင်ပြည်က KNU တို့ကိုလည်း အလားတူ ပြစ်တင် ပြောကြားထားပါသေးတယ်။

 

“အကျိုးဆက်ကတော့ အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါတယ်။

 

အဲဒီလိုအကြမ်းဖက်မှုတွေရဲ့နောက်ကွယ်မှာ အမျိုးမျိုးသော ပံ့ပိုးမှုတွေ အဓိကပါဝင်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကို ကျွန်တော်တို့အစိုးရက မှန်ကန်စွာရှုမြင်ပြီး နိုင်ငံတော်ရဲ့အကျိုးစီးပွားကို မထိခိုက်အောင် ကာကွယ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်” လို့ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

ဒါပေမဲ့ အာဏာရှင်အမြစ်ပြတ်ရေး စစ်ကောင်စီတပ်ကို တိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံတည်ငြိမ်ရေးအကြောင်းပြပြီး စားပွဲဝိုင်းပေါ်လာဖို့ တိုက်တွန်းတယ်လို့ ၎င်းက ပြောသွားပါတယ်။

 

နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့ စစ်ကောင်စီအနေနဲ့ ပြည်တွင်းပြည်ပ အတိုက်အခိုက်အဖျက်အမှောင့်တွေကြားက နိမ့်ကျနေတဲ့စီးပွားရေးကို ပြန်လည်မြင့်တက်လာအောင်နဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လယ်ယာကုန်ထုတ်လုပ်ငန်း စတဲ့ကဏ္ဍအသီးသီးတိုးတက်မှုရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သူက ပြောပြန်ပါတယ်။

 

အဲဒီနောက် သူတို့ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်နေပြီး ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

 

သူ့မိန်းခွန်းနောက်ဆုံးမှာတော့ လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ ကိုယ့်လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်တယ်လို့ ပြောပါတယ်။

 

“ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွား မှာ မဟုတ်ဘူး” လို့လည်း ပြောသွားပါသေးတယ်။

 

သူ့ရဲ့အပြောတွေအရ စစ်ကောင်စီတပ် ချိနဲ့လာတာကို တွေ့မြင်ရပြီး သူ့ကိုတိုက်ခိုက်နေသူတွေကို အပြစ်ဖို့ထားပေမဲ့ စားပွဲဝိုင်းပေါ်လာဖို့ ဇောင်းပေးပြောကြားလာတာတွေ့ရပါတယ်။

ဒါပေမဲ့ အဲဒီထဲ NUG ၊ CRPH နဲ့ PDF တွေကိုတော့ ထည့်သွင်းဖိတ်ခေါ်ထားတာမျိုးတော့ မတွေ့ရပါဘူး။

****************************************

 

“ပြည်ပအဖျက်အမှောင့်တွေရှိတယ်ဆိုတဲ့ စစ်ခေါင်းဆောင် တရုတ်သွားမယ်”

 

ပြည်ပအားကိုးပုဆိန်ရိုးဆိုပြီး စစ်တပ်က ပြည်သူကို ဝါဒမှိုင်းတိုက်ခဲ့ပေမဲ့ စစ်ခေါင်းဆောင်အဆက်ဆက်ကတော့ ပြည်ပအားကို ခိုးကြောင်ခိုးဝှက်ယူပြီး သူတို့လက်တစ်ဆုတ်စာကောင်းစားရေးလုပ်ဆောင်ခဲ့ကြပါတယ်။

 

အဲဒီထဲ လက်ရှိစစ်ခေါင်းဆောင်နဲ့တစ်သိုက်လည်း အပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် NCA ကိုးနှစ်ပြည့်မိန့်ခွန်းမှာတော့ ပြည်ပအဖျက်အမှောင့်တွေရှိနေလို့ ပြည်ပအားမကိုးဘဲ ပြည်တွင်းကလူတွေ စည်းစည်းလုံးလုံးရှိကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင်ကတော့ မြန်မာပြည်တွင်းအရေးကို ထဲထဲဝင်ဝင်စွက်ဖက်နေတဲ့ တရုတ်နိုင်ငံကို အာဏာသိမ်းလေးနှစ်အတွင်း ပထမဆုံးအကြိမ်သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ ပြီးခဲ့တဲ့အပတ်ထဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

 

ဩဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ပြီးနောက် နှစ်လကျော်မှာပဲ ဒီသတင်းထွက်လာခဲ့တာပါ။ သူဟာ လာမယ့်လပိုင်းအတွင်း သွားရောက်မှာဖြစ်တယ်လို့ လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

သူ့ရဲ့ခရီးစဉ်အသေးစိတ်တော့ သတင်းထွက်မလာသေးဘဲ ဒီအကြောင်း စစ်ကောင်စီဘက်ကလည်း နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပခရီးစဉ်တွေထဲ ရုရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကိုပဲ သွားရောက်ခဲ့ဖူးပါတယ်။

 

ဒါပေမဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ တရုတ်ကို အကြိမ်ရေ အတော်များများ သွားခဲ့ကြပါတယ်။

 

စစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရုရှားကိုသွားဖို့ပြင်ခဲ့ပေမဲ့ ဖျက်သိမ်းခဲ့ပါတယ်။

****************************************

 

“စစ်ကောင်စီသီပေါ ပါတော်မူပြီ”

 

ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းတပ်ရဲ့ ၁၀၂၇ နှစ်ကျော့အတွင်း ၁၂ မြို့မြောက်အဖြစ် သီပေါမြို့ကို အောက်တိုဘာ ၁၃ ရက် တနင်္ဂနွေနေ့မှာ သိမ်းပိုက်လိုက်နိုင်ပါတယ်။

 

TNLA နဲ့ မဟာမိတ်တပ်တွေဟာ ဩဂုတ်လ ၁၁ ရက်နေ့ကစလို့ သီပေါမြို့တွင်းကို စတင်တိုက်ခဲ့ပြီး နောက်တစ်ရက်မှာပဲ မြို့တွင်းကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

အဲဒီနောက် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း အဓိကတပ်စခန်းတွေဖြစ်တဲ့ ခမရ (၅၀၃)နဲ့ (၅၀၄)တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နောက်ဆုံးကျန်တဲ့ ခလရ (၂၃) တပ်စခန်းကို အောက်တိုဘာ ၁၃ ရက်မှာ သိမ်းလိုက်အပြီး သီပေါတစ်မြို့လုံးကို တအာင်းတပ်တွေ ထိန်းချုပ်လိုက်နိုင်ခဲ့ပါတယ်။

 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အဓမ္မ လူစုဆောင်းမှုနဲ့ စစ်မှုထမ်းနေရတဲ့ ရဲမေ ၇၈ ဦးကို ဖမ်းဆီးခဲ့ပြီး တပ်မိသားစုဝင် နှစ်ရာနီးပါးနဲ့အတူ ပြန်လွှတ်ပေးလိုက်တဲ့အပြင် စစ်သုံ့ပန်းတွေလည်း ရခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

အဲဒီမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ Jet Fighter နဲ့ ၁၀၅ ကြိမ်၊ Y12 နဲ့ ၁၆၇ ကြိမ် တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ အကြိမ် ၁၉၀၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ဒေသခံအရပ်သား ၃၃ ဦးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA က ပြောပါတယ်။

 

ဒါ့အပြင် စာသင်ကျောင်းနှစ်ကျောင်းနဲ့ လူနေအိမ် ၄၇ လုံး လေယာဉ်ဗုံးစ ထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့လည်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ သီပေါ စတဲ့ မြို့ ငါးမြို့ကို သိမ်းယူနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်းက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း စတဲ့မြို့ ခုနစ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

****************************************

 

“နှစ် ၂၀ ကျော်စခန်းကုန်းသိမ်းပွဲ”

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကရင်ပြည်မှာ တော်လှန်ရေးအောင်ပွဲတစ်ခုရခဲ့ပါတယ်။

 

မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးမှာရှိတဲ့ စွယ်တော်ကုန်းအမြောက်တပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၂၀၀၃ ခုနှစ်ကတည်းက အခြေတည်ရှိနေခဲ့တာပါ။

 

ဒါပေမဲ့ ၂၁ နှစ်အကြာ ဒီနှစ် ၂၀၂၄ အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ စွန့်လွှတ်ခဲ့ရပါတယ်။

 

အဲဒီတပ်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်ရဲ့ စိုးမိုးကုန်းတစ်ခုဖြစ်ပါတယ်။ မြဝတီတစ်မြို့လုံးကို မြင်နိုင်တဲ့အထိ စစ်ရေးအရအထူးအရေးပါတဲ့ စခန်းကုန်းမကျစေရေး စစ်ကောင်စီဘက်ကလည်း မြေပြင်အပြင် လေကြောင်းနဲ့လည်း အပြင်းအထန်ခုခံခဲ့ပေမဲ့ လက်လွှတ်ခဲ့ရတာပါ။

 

ဒီလိုအရေးပါတဲ့ စခန်းကုန်းကို KNLA/PDF ပူးပေါင်းတပ်ဘက်က ခုနစ်လကြာ ပိတ်ဆို့တိုက်ခိုက်တဲ့နည်းနဲ့ ဗျူဟာကျကျရယူနိုင်ခဲ့တာပါ။

 

အဲဒီတပ်စခန်းကနေ ၁၂၀ မမလက်နက်ကြီး နှစ်လက်၊ ပွိုင့်ဖိုက် တစ်လက်အပါအဝင် လက်နက်ငယ် ၂၄ လက်၊ ကျည်မျိုးစုံ လေးထောင်ကျော်၊ မိုင်း ဆယ်လုံး၊ ဂျမ်မာ လေးခု၊ စစ်သုံးမြေပြင်တစ်ခုနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ KNU ဘက်က ပြောထားပါတယ်။

****************************************

 

“တရုတ်ဖိအားအောက်က KIA ရဲ့ ရုန်းထမှု(သို့မဟုတ်) ပန်ဝါမြို့သိမ်းပွဲ”

 

စစ်ကောင်စီနဲ့ ပဏာသင့်နေတဲ့ တရုတ်ဟာ သူနဲ့နီးစပ်ပြီး ခြယ်လှယ်နိုင်မယ်လို့ယူဆတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို စစ်ကောင်စီတပ်ကို မတိုက်ဖို့ ဖိအားပေးနေပါတယ်။

 

အဲဒီထဲ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ‘ဝ’ တပ်တွေအပြင် ကချင်ပြည်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)လည်း အပါအဝင်ဖြစ်ပါတယ်။

 

တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှည် တိန့်ရွှီကျွင်းနဲ့ KIA/KIO ယာယီဥက္ကဋ္ဌတို့ ယူနန်ပြည်နယ်ထဲ အောက်တိုဘာ ၁၇ ရက် ကြာသာပတေးနေ့တုန်းက ယူနန်ပြည်နယ်၊ ယင်ကျန်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

 

အဲဒီတွေ့ဆုံပွဲအတွင်း ကချင်မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တိန့်ရွှီကျွင်းက သတိပေးခဲ့ပါတယ်။

 

အဲဒီလိုမတွေ့ဆုံမီ အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက ကချင်ပြည် အထူးဒေသ ၁ ထဲက ပန်ဝါမြို့ကို စစ်ကောင်စီတပ်က မြို့သိမ်းတိုက်ပွဲစတင်ဆင်နွှဲခဲ့ပါတယ်။

 

အဲဒီနောက် အောက်တိုဘာ ၁၅ ရက် အင်္ဂါနေ့မှာ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ် (မြို့စောင့်တပ်)ကို KIA/PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ပန်ဝါမြို့ကို KIA/PDF တပ်တွေက တရုတ်စကားကို နားမထောင်ဘဲ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတာကြောင့် တရုတ်ဘက်က နယ်စပ်ဂိတ်တွေအားလုံးကို အောက်တိုဘာ ၁၉ ရက် စနေနေ့မှာပဲ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

 

ပန်ဝါမြို့ဟာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ နယ်မြေထဲကဖြစ်ပြီး မြေရှားသတ္တုထွက်ရှိပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ကချင်အထူးဒေသ ၁ ထဲကမြို့တွေဖြစ်တဲ့ ချီဖွေမြို့နဲ့ ဆော့လော်မြို့တွေကို KIA/PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါသေးတယ်။

****************************************

 

“ဗစ်တိုးရီးယားအမှုလိုက်ရှေ့နေ အီတလီက လူ့အခွင့်အရေးဆုရ”

 

ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ နိုင်ငံကျော်အမှုတစ်ခုဖြစ်တဲ့ နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ နစ်နာသူကလေးငယ်ဘက်က ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပါတယ်။

 

သူမကို အီတလီနိုင်ငံအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့က ဒီနှစ် ၂၀၂၄ အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

 

ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီဘက်က တော်လှန်ရေးအဖွဲ့တွေကို ငွေကြေးထောက်ပံ့မှု ပုဒ်မ- ၅၀(ည)နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရပါတယ်။ လက်ရှိအချိန်ထိ သူမဟာ မန္တလေးတိုင်း၊ အိုးဘိုထောင်မှာ အကျဉ်းချခံထားရပါတယ်။

 

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အောက်တိုဘာ ၇ ရက်နေ့က ကွယ်လွန်သွားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကို ရှေ့နေလိုက်ပေးခဲ့ပါတယ်။

 

နောက်ပြီး NLD မန္တလေးတိုင်း လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်နဲ့ ပါတီနာယက ဦးဝင်းထိန်ရဲ့ အမှုတွေကိုလည်း လိုက်ပါဆောင်ရွက်ပေးခဲ့ဖူးပါတယ်။

 

ဒေါ်ရွက်နုအောင်ဟာ လွတ်လပ်တဲ့တရားစီရင်ရေးပေါ်ထွန်းအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့သလို နိုင်ငံရေးအကျဥ်းသားတွေရဲ့ တရားရေးဆိုင်ရာအခွင့်အရေးတွေရရှိဖို့ အားထုတ်ခဲ့တာကြောင့် ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ဆုပေးဖို့ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆုပေးမယ့် IDHAE အဖွဲ့က ပြောပါတယ်။

 

ဆုကို အီတလီနိုင်ငံ၊ ရောမမြို့မှာကျင်းပတဲ့ IDHAE အဖွဲ့ရဲ့ ညီလာခံနောက်ဆုံးနေ့မှာ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

 

ဒီဆုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားတက်ယူသွားမှာဖြစ်တယ်လို့ NUG ဘက်က ထုတ်ပြန်ထားပါတယ်။

ဒီဆုကို ၂၀၀၈ ခုနှစ်တုန်းက မြန်မာရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအေးမြင့်လည်း ရရှိခဲ့ဖူးပါတယ်။