BGF ထိန်းချုပ်ထားတဲ့ KK Park ကို စစ်အုပ်စုက ဝင်စီးနင်းပုံဟန်ပြပြီး KNU က ကျားဖြန့်လုပ်နေတယ်လို့ ဝါဒဖြန့်

ကရင်ပြည်၊ မြဝတီမြို့အနီးရှိ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ KK Park ကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပုံဟန်ပြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က လုပ်ဆောင်နေသယောင် ဝါဒဖြန့်ချိမှုကို စစ်အုပ်စုက လုပ်ဆောင်လာခဲ့ပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းဌာနတွေနဲ့ သူတို့ရဲ့ ပြန်ကြားရေးဌာနက မနေ့ အောက်တိုဘာ ၁၉ ရက်နေ့ ညပိုင်းမှာ လေးကေ့ကော် အနီးတဝိုက်မှာရှိတဲ့ စစ်စခန်းဟောင်းတွေကို ပြန်လည်သိမ်းယူနိုင်ကြောင်း ခေါင်းစဉ်ပါ သတင်းဖော်ပြချက်မှာ “လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာ ခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုများ၊ ဒေသတွင်း၌ ကျားဖြန့်အပါအဝင် တရားမဝင်လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများကို လက်ခံရယူပြီး” လို့ KNU ကို တိုက်ရိုက်စွပ်စွဲဖော်ပြလာတာပါ။
အဲဒီသတင်းထုတ်ပြန်ချက်အတွင်းမှာပဲ အခု အောက်တိုဘာ ၅ ရက်မှာ လေးကေ့ကော်မြို့သစ်ကို စစ်ကြောင်းထိုးဝင်ရောက်သိမ်းယူချိန် တစ်ဆက်တည်းမှာပဲ မယ်ထော်သလေးနဲ့ အင်ကြင်းမြိုင်ကြားမှာရှိတဲ့ KK Park ကိုလည်း ဝင်ရောက်စီးနင်းခဲ့တယ်လို့ ထည့်သွင်းဖော်ပြလာပါတယ်။
KK Park ကို စီးနင်းစဉ် Starlink စလောင်းအစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပြီး KK Park အတွင်း အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသား ၁,၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦးနဲ့ လုံခြုံရေး ၉၈ ဦးတို့ကိုလည်း တွေ့ရှိခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
စစ်အုပ်စုက ထုတ်ပြန်လာတဲ့ သတင်းဓာတ်ပုံတွေအတွင်းမှာတော့ KK Park အတွင်းမှာ အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့ လူဦးရေ နှစ်ထောင်ကျော်ကို ထည့်သွင်းဖော်ပြခဲ့တာ မတွေ့ရပါဘူး။
KK Park ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းနေသူ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ထိန်းချုပ်ရာဒေသမှာ ရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာ နေရာတစ်ခုလို့ ကျော်ကြားတဲ့ နေရာလည်း ဖြစ်ပါတယ်။
ထိုင်းအစိုးရက အင်တာနက်ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးဖြတ်တောက်ထားချိန် Starlink အသုံးပြုပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ ကျားဖြန့်လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပြန်လည်ကြီးထွားလာနေတယ်လို့ AFP သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပြီးနောက် အမေရိကန်အစိုးရက ဖိအားပေးပြောဆိုမှုတွေ ရှိလာချိန် စစ်အုပ်စုက အခုလို ဝင်ရောက်စီးနင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC