ခပေါင်းဆည်ကျိုးသွားပြီလို့ သတင်းအမှားဖြန့်နေ

ပဲခူးတိုင်း တောင်ငူမြိုနယ်နဲ့ အုတ်တွင်းမြို့နယ်အတွင်းမှာ ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ပြည်သူတွေ အရေးပေါ် ရေဘေးရှောင်နေရချိန်မှာ ခပေါင်းဆည်ကျိုးသွားပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဇွန်လ ၂၀ရက်နေ့ ညနေပိုင်းမှာ ထွက်ပေါ်လာပါတယ်။
CJ Platform က ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ခပေါင်းဆည်ကျိုးသွားပြီဆိုတာ သတင်းအမှားသာဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။
အထက်ပိုင်းဒေသတွေမှာ မိုးများတာကြောင့် တောင်ကျရေကျဆင်းပြီး ခပေါင်းမြစ်ရေ တက်ရတာဖြစ်တယ်လို့ သိရပါတယ်။
“အခုရေက အတက်မြန်သလောက် ပြီးရင် အကျမြန်ပါတယ်၊ ဆည်ကျိုးတယ်ဆိုတာ မဟုတ်ပါဘူး”လို့ တောင်ငူဒေသခံတစ်ဦးက ပြောပါတယ်။
ခပေါင်းချောင်းရေဟာ ဒီကနေ့ နံနက် ၁ နာရီဝန်းကျင်မှာ မန်ကျည်းပင်၊ ဖိုးနီဆိပ်၊ ပွက်စု စတဲ့ကျေးရွာတွေမှာ ရုတ်တရက်မြင့်တက်လာခဲ့ပြီး၊ ရေစီးအားကြမ်းတာကြောင့် လူနေအိမ်တွေနဲ့ ဆိုင်ကယ်တချို့ မျောပါသွားခဲ့ပါတယ်။
ခပေါင်းဆည်ဟာ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင် ငလျင်ကြောင့် ဆည်ဘောင်တွေ အနည်းငယ် ထိခိုက်ထားပါတယ်။ အဲဒီလိုထိခိုက်ထားမှုကို အကြောင်းပြကာ ဆည်ကျိုးပေါက်သွားပြီဆိုတဲ့ သတင်းအမှားတွေ ထုတ်လွှင့်နေကြတာဖြစ်ပါတယ်။