ရွေးကောက်ပွဲကော်မရှင်ကို သူ့လက်အောက်ခံဝန်ထမ်းတွေနဲ့ပဲ ဖွဲ့စည်းဖို့ စစ်ခေါင်းဆောင်က ဥပဒေ ပြင်ဆင်

Author CJ Platform
Categories
Published on Jun 20, 2025

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာလမှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ဖွဲ့စည်းရာမှာ သူ့လက်အောက်ခံဝန်ထမ်းတွေနဲ့ပဲ ဖွဲ့စည်းနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။

 

ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က ပြင်ဆင်ပြဌာန်းလိုက်တဲ့ ဥပဒေမှာ ယခင်ကလို “လိုအပ်လျှင် နိုင်ငံဝန်ထမ်းများကို ထည့်သွင်းနိုင်သည်” ဆိုတဲ့အစား “အများယုံကြည်လေးစားခြင်းခံရသူဖြစ်စေ၊ နိုင်ငံဝန်ထမ်းဖြစ်စေ” လို့ ပြောင်းပြင်သတ်မှတ်လိုက်တာကြောင့် Non-CDM ဝန်ထမ်းတွေကို တိုက်ရိုက် ထည့်သွင်းဖွဲ့စည်းနိုင်လာပါပြီ။

“ကော်မရှင်သည် ပုဒ်မ ၁၀ (ဂ) အရ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူများဖြစ်စေ၊ နိုင်ငံဝန်ထမ်းများဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်” လို့ စစ်ကောင်စီရဲ့ ဥပဒေပြင်ဆင်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါကြောင့် မည်သူမဆို ကော်မရှင်ဝင်ဖြစ်လာနိုင်တဲ့ အခြေအနေသစ်ဖြစ်လာပြီဖြစ်ပြီး၊ သမာသမတ်ကျပြီး အများယုံကြည်လေစားရတဲ့ လူပုဂ္ဂိုလ်တွေကို မထည့်သွင်းဘဲ ဖွဲ့စည်းမှာကို စိုးရိမ်ရတယ်လို့ CDM ရွေးကောက်ပွဲကော်မရှင်အရာရှိတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူတို့ရည်မှန်းချက်အတိုင်း ရနိုင်သမျှ ကြိုးစားနေတဲ့သဘောပါပဲ။ ဒါပေမယ့် ပြည်သူမပါဘဲ သူတို့ကြိုးစားသမျှ အောင်မြင်ဖို့အကြောင်းမရှိဘူး” လို့ CDM ရွေးကောက်ပွဲကော်မရှင် အရာရှိတစ်ဦးက ပြောပါတယ်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို  ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့မှာ တစ်ကြိမ် ၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ တစ်ကြိမ် ပြင်ဆင်ခဲ့ပြီး အခုပြင်ဆင်မှုဟာ တတိယအကြိမ် ဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro-SAC

 

Related News

Depend on news