ပညာရေးတိုးတက်ဖို့ ရှေးဘုရင်ခေတ်က ပညာရေးစနစ်ကို လေ့လာရမယ်လို့ မင်းအောင်လှိုင် ညွှန်ကြား ၂၀၀၈ အခြေခံဥပဒေမှာ ဖယ်ဒရယ်စနစ်ပါ ပါဝင်တယ်လို့ ပြောပြန်

Author CJ Platform
Categories
Published on May 20, 2025

ပြည်ထောင်စု မပြိုကွဲရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က ရေးဆွဲပေးခဲ့တာဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေထဲမှာလည်း ပြည်နယ်နဲ့တိုင်းအသီးသီးကို ဖယ်ဒရယ် အခွင့်အရေးတွေ ပေးထားတာဖြစ်တယ်လို့ ယမန်နေ့က ကျင်းပတဲ့ အစိုးရဖွဲ့အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

 

၁၉၈၉ ခုနှစ်ကစတင်ကာ အာဏာရှင်အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးရရှိဖို့ NCA ထိုးဖို့ ဆောင်ရွက်ခဲ့တာရှိသလို NLD အစိုးရလက်ထက်မှာတော့ (၂၁)ရာစု ပင်လုံအဖြစ်အမည်ပြောင်းတာဟာ အခက်အခဲရှိမယ်လို့ သတိပေးပေမဲ့ အမည်ပြောင်းပေးခဲ့တယ်လို့ တိုင်းရင်းသားဒေသတွေကို တိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

အာဏာသိမ်းစစ်တပ်အနေနဲ့ ၁၉၈၈ ခုနှစ်ကတည်းက ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် ဖြတ်သန်းခဲ့ပေမဲ့ “ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန်”ဆိုတဲ့ အခြေအနေကိုသာ ဖြတ်သန်းနေရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပဖို့ ကာ/လုံအစည်းအဝေး ခေါ်ယူပြီး ဆောင်ရွက်နိုင်သလို လွတ်တော်အထမြောက်ရုံ ဆောင်ရွက်နိုင်ပါက ရွေးကောက်ပွဲ အထမြောက်တယ်လို့လည်း နိုင်ငံတဝန်း အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြွေးကြော်ထားတဲ့ အာဏာသိမ်းခေါင်းဆောင်က ပြောပါတယ်။

 

“ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေး ကောက်ပွဲများတွင်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသကဲ့သို့ ဖဆပလခေတ်တွင်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရခြင်း ဖြစ်တယ် “ လို့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။

 

ပညာရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ပြီးချိန်မှာ ကျောင်းနေ ရာခိုင်နှုန်း ကျဆင်းလာတာကိုလည်း အာဏာသိမ်းခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။

 

ဒါ့အပြင် လွတ်လပ်ရေးမရခင်ကတည်းကပင် ပညာရေးက အားနည်းနေတာဖြစ်ပြီး နိုင်ငံ့အနာဂတ်အတွက် ပညာတတ်များ ရှိမှသာ စိတ်ချရမယ်လို့ ခံယူထားတာကြောင့် ပညာရေးအားနည်ချက်ကို ပြုပြင်ပြောင်းလဲ မြှင့်တင်နိုင်ဖို့ ရှေ့ဘုရင်များခေတ်က ကျင့်သုံးခဲ့တဲ့ ပညာရေးစနစ်တွေကို လေ့လာရမယ်လို့လည်း စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါတယ်။

 

ဒေသအလိုက် ကျောင်းတွေ အားလုံးပြန်ဖွင်နိုင်ဖို့ စစ်ကောင်စီခန့်ဝန်ကြီးတွေကို ပညာရေးနဲ့ ပတ်သတ်ပြီး အကြမ်းဖက်သမားများ နှောက်ယှက်မှုမဖြစ်စေဖို့ နည်းလမ်းမျိုးစုံသုံးပြီး ဆောင်ရွက်သွားရမယ်လို့လည်း စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့ပါတယ်။

 

လက်ရှိမှာတော့ စစ်ကောင်စီတပ်အနေနဲ့ နိုင်ငံတဝန်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ စစ်ကြောင်းထိုးနေတာတွေ ပြုလုပ်နေတာကြောင့် ကျောင်းနေအရွယ် ကလေးငယ်တွေ သေဆုံး ထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့သလို စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ကြားနေရင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးဒဏ် လက်နက်ကြီးဒဏ်တွေကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိနေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro-SAC