ကျုံဒိုးတိုက်ပွဲတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်တွေ ကယ်ထုတ်   ကယ်ထုတ်နေစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ပြည်သူ ၇ဦးသေဆုံး

Author CJ Platform
Categories
Published on Apr 20, 2025

တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ကရင်ပြည်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူအများစုကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

ဧပြီလ ၁၄ရက်နေ့ ညပိုင်းကစပြီး ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။

 

အဲဒီတိုက်ပွဲအတွင်း ကျုံဒိုးကျေးရွာတွေဘက်က ဒေသခံပြည်သူတွေကို တိုက်ပွဲအတွင်း မပိတ်မိစေရေးအတွက် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ကယ်ထုတ်ပေးခဲ့တယ်လို့ တိုက်ပွဲအတွင်းမှာ ပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform ကိုပြောပါတယ်။

“ကော့ဝါလဲ ဘက်မှာရှိနေတဲ့ ရွာတွေကတော့  အကုန်လုံး ကျွန်တော်တို့ ဆွဲထုတ်ပြီးပြီနော်။ ကော့ဝါလဲတို့၊ နွားခြံကုန်းတို့၊ အင်းကြီးတို့ဘက်တွေကတော့ ရွာသားတွေအကုန်လုံးကို ကျွန်တော်တို့ ဆွဲထုတ်လို့ ရနိုင်ပြီနော်”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

 

ကျုံဒိုးဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံပြည်သူတစ်ဦးကလည်း ကျုံဒိုးမှာ ပိတ်မိနေသူ အားလုံးနီးပါး ထွက်နိုင်ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျုံဒိုးအနီးတစ်ဝိုက်ကတော့ ပိတ်နေသူတွေအားလုံးနီးပါးထွက်နိုင်ကြပြီးဗျ ၊ ကျန်နေသူတွေက သိရသလောက်တော့ မထွက်တဲ့သူတွေပဲ ရှိတော့တယ်”လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီဟာ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းတလျှောက်ကို လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပြီး၊ ဒရုန်းတိုက်ခိုက်မှုတွေကိုပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဧပြီ ၁၅ရက်နေ့က နွားခြံကုန်းက ရွာခံတွေကို တော်လှန်ရေးရဲဘော်တွေ ကယ်ထုတ်နေစဉ်မှာပဲ၊ ခမရ ၅၄၆ ကနေပြီးတော့ ၈၁မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ စစ်ဘေးရှောင်တွေ လိုက်ပါလာတဲ့ ဟိုက်ဂျက်ကားဘေးနားကို ကျရောက်ပေါက်ကွဲပြီး ဒေသခံ မိသားစုတစ်စု၊ စုစုပေါင်းလူ ၇ဦး သေဆုံးခဲ့ရသေးတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

 

“‌ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူး။ ရဲဘော်တွေသွားပြီး ဆွဲထုတ်နေတဲ့အချိန်မှာပဲ လက်နက်ကြီးကျပြီးတော့၊ အဲ့မှာ ကားထွက်ခါနီး အချိန်မှာပဲ မိသားစု ၇ယောက်လောက်။ ခလေးငယ်လေးတွေလည်းပါတယ်။ ပြီးတော့ လူလတ်ပိုင်းတွေလည်းပါတယ်။ လူကြီးတွေလည်းပါတယ်”လို့ သူက ပြောပြပါတယ်။

 

သေဆုံးသွားသူ ၇ဦးကိုတော့ တော်လှန်ရေးရဲဘော်တွေ ကိုယ်တိုင် ဆွဲထုတ်ပြီးတော့

သင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

 

စစ်ကောင်စီရဲ့  လက်နက်ကြီး၊ လေကြောင်းပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေ့တိုင်း ထိခိုက်၊ သေဆုံးတာတွေရှိနေပြီး ထိခိုက်သေဆုံးမှုစာရင်း အရေအတွက်ကိုတော့ ယခုအချိန်မှာ အတိအကျ မသိရသေးဘူးလို့လည်း တော်လှန်ရေးရဲဘော်က ဆက်ပြောပါတယ်။

 

မနေ့က နေ့လယ်ပိုင်းမှာလည်း လေးတိုင်၊ ငါးတိုင် ကျေးရွာတွေဘက်ကို စစ်ကောင်စီက Mi – 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းတလျှောက် စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး၊ ကော့ကရိတ်မြို့ဘက်မှာဆိုရင် မြို့ခံတွေပိတ်မိနေကြောင်း သိရတယ်လို့လည်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

 

ဒေသတွင်းသတင်းဌာနဖြစ်တဲ့ KICရဲ့ ဖော်ပြချက်အရ စစ်ကောင်စီဟာ ဧပြီလ ၁၅ရက်နေ့ထဲက ကော့ကရိတ်မြို့ခံတွေကို မြို့ကနေထွက်ခွာခွင့်မပေးတဲ့အတွက်၊ လက်ရှိမှာ မြို့အတွင်းပိတ်မိနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ကျုံဒိုး – ကော့ကရိတ် တိုက်ပွဲအတွင်းမှ စစ်ဘေးရှောင်ပြည်သူများ