ဟားခါးမြို့မှာ ဖုန်းလိုင်းတွေဖြတ်တောက်ပြီး စစ်ကောင်စီ စစ်ရေးပြင်ဆင်နေ

ချင်းပြည် ဟားခါးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကစတင်ကာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်ကောင်စီက စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေ ဆီကနေသိရပါတယ်။
ဟားခါးမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေတာရှိပြီး ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက် လိုက်တာကြောင့် ဒေသခံတွေ အခက်များဖြစ်နေရတဲ့အပြင် စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတာကြောင့်လည်း စိုးရိမ်မှုတွေဖြစ်နေရတယ်လို့ သိရပါတယ်။
“ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ ပြတ်သွားတာပါ၊ ငွေလွှဲငွေထုတ် လုပ်လို့မရတော့တာတွေရှိတယ်။ နယ်ဝေးက မိသားစုနဲ့လည်း အဆက်အသွယ်မရတော့ဘူး” လို့ ဒီအကြောင်းသိရှိသူ ဟားခါးဒေသခံ အမျိုးသား တစ်ဦးက CJ Platform ကိုပြောပါတယ်။
ပြည်နယ်မြို့တော် ဟားခါးမှာ MPT နဲ့ ATOM ဖုန်းလိုင်းနှစ်ခုသာရရှိပြီး ချင်းပြည် ၉ မြို့နယ်ထဲ တစ်ခုတည်းသောဖုန်းလိုင်း ရရှိတဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။
ဟားခါးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်းတွေမှာ စစ်ရေးပြင်ဆင်တာတွေရှိနေပြီး စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နိုင်မယ့် အခြေအနေမျိုးဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ဟားခါ-ထန်တလန် ကိုစစ်ကူပို့ဖို့လား ဖလမ်းကို စစ်ကူပို့ဖို့လားတော့ မသိဘူး။ ဟားခါးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့လည်း ဖြစ်နိုင်တယ်” လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ဟားခါးမြို့ပေါ်မှာ စစ်ဘေးရှောင် လေးထောင်နီးပါး ခိုလုံနေထိုင်နေကြရသလို အိမ်ငှားနေသူတွေအပြင် စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ဟားခါးမှာ တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိပေမဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့လယ်က ဟားခါးမြို့နဲ့ မိုင် ၇၀ ခန့်ဝေးတဲ့ Halta ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခဲ့လို့ ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ ပျက်ဆီးခဲ့ရပါတယ်။
လက်ရှိမှာ ဟားခါး-ထန်တလန် လမ်းပိုင်းကို စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားတာတွေ ရှိနေသလို ဖလမ်းမြို့မှာလည်း စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန် နေပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့မှာတော့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ -၂၆၈ တစ်ခုသာကျန်တော့ပြီး ၎င်းတပ်ရင်းကျပါက စစ်ကောင်စီက ဖလမ်းမြို့ကို လက်လွှတ်ရတော့မှာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – google