သုံးလတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က သုံးထောင်ကျော်သေဆုံးပြီး မြို့ပေါင်း ၁၂မြို့ကို စစ်ကောင်စီ လက်လွှတ်ရ

Author CJ Platform
Categories
Published on Feb 20, 2025

သုံးလတာ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်က သုံးထောင်ကျော် သေဆုံးခဲ့ပြီး မြို့ပေါင်း ၁၂မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ၂၀၂၄ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ စစ်ဆင်ရေးများနှင့် တိုက်ပွဲဖော်ဆောင်မှု အကြိမ်ရေပြပုံအရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေ အတိုက်ခံရကြိမ် ၁၆၈၃ ကြိမ်ထိရှိပြီး တပ်ဖွဲ့ဝင် ၃၁၆၁ဦး သေဆုံးကာ ၁၂၂၅ဦး ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ အကြမ်ရေပြပုံမှာ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီဟာ ဆော့လော်မြို့၊ ဖီမော်မြို့၊ ပန်ဝါမြို့၊ ကန်ပိုက်တီမြို့၊ သီပေါမြို့၊ ပင်လည်ဘူးမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့၊ မောင်တောမြို့၊ အမ်းမြို့၊ တောင်ကုတ်မြို့နဲ့ ဂွမြို့တို့ကို လက်လွှတ်ဆုံးရှုံးခဲ့ပြီး ရခိုင်၊ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းဒေသတွေမှာ တိုက်ပွဲဖြစ်ပွားအကြိမ်ရေတွက် ပိုမိုများပြားခဲ့တယ်လို့ သိရပါတယ်။

 

သုံးလတာအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က တပ်ဖွဲ့ဝင် ၁၂၄ဦး ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၈၀ဦးထိ ရှိခဲ့ပါတယ်။ စစ်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုဟာ ၁၅၄ဦး ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၄ဦးရှိတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ ရဲ့ စုစည်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အရပ်သား ၇၂၇ဦး သေဆုံးခဲ့ရတဲ့အပြင် ၁၂၄၁ဦးထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ – ဂွမြို့ကို အာရက္ခတပ်တော်မှ သိမ်းပြီးနောက် မြင်ရပုံ (ပုံဟောင်း)