မအူပင်မှာ စစ်မှုထမ်းမဲပေါက်သူကို လာခေါ်ရာမှာ မတွေ့လို့ ညီဖြစ်သူကို ဖမ်းဆီးသွား

Author လဂွန်းအိမ်
Categories
Published on Feb 20, 2025

ဧရာဝတီတိုင်း မအူပင်မြို့နယ် အမှတ် ၁၀ ရပ်ကွက်မှာ စစ်မှုထမ်းမဲပေါက်တဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က  ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ လာရောက်ခေါ်ဆောင်ရာ နေအိမ်မှာ မတွေ့လို့ ညီဖြစ်သူအပြင် လမ်းမှာ တွေ့တဲ့ လူငယ်တစ်ဦးကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဟာ အဲဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ လာရောက်ခေါ်ဆောင်တာဖြစ်ပြီး လူမရှိတဲ့အတွက် ပြန်သွားခဲ့ကာ လမ်းထိပ်အရောက်မှာတော့ ဈေးဝယ်ပြန်လာတဲ့ အခြားလူငယ်တစ်ဦးကို အကြောင်းမဲ့ ဆိုင်ကယ်ပေါ်ဆွဲခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“တွေ့တဲ့သူက ပြောလို့ သူ့အိမ်ကသူတွေ လိုက်သွားပြီးညှိကြတယ် လက်မခံဘူး။ အဝတ်အစားတွေပဲ ပြန်ယူခိုင်းလိုက်တယ်။ ဒါတောင်သိသိချင်း လိုက်သွားကြတာ” လို့ ဒီအကြောင်းသိရှိသူ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လမ်းထိပ်မှာဆွဲခေါ်သွားတဲ့လူငယ်ဟာ စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်နဲ့ တစ်လမ်းထဲမှာပင်နေထိုင်သူတွေဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်မလွတ်သေးဘူးလို့လည်း သိရပါတယ်။

 

အဲဒီနောက် ည ၁၀ နာရီခွဲခန့်မှာ စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်ရဲ့နေအိမ်ကို အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ ပြန်ရောက်လာပြီး အစ်ကိုမရှိတဲ့အတွက် ညီဖြစ်သူက တာဝန်ယူ လိုက်ရမယ်ဟုဆိုကာ စစ်မှုထမ်းစာရင်းပါသူရဲ့ ညီကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးရဲ့ ပြောဆိုချက်အရသိရပါတယ်။

 

“ လာရှာတဲ့သူကို မတွေ့လို့တဲ့ ညီကိုခေါ်သွားကြတယ်။ ဒေါသတွေပဲထွက်နေရတာ ကိုယ်လဲဘာမှ မတတ်နိုင်ဘူး။ အံကြိတ်ပြီးကြည့်နေရတဲ့ ဘဝတွေပဲ” လို့ သူမက ပြောပါတယ်။

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလက စတင်အသက်ဝင်တယ်လို့ ပြဌာန်းလိုက်ပြီး စစ်မှုထမ်းတွေကိုရှေ့တန်းပို့ဆောင်မှာမဟုတ်ဘူးလို့ ပြောဆိုထားပေမဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ သုံးလတာ စစ်ပညာသင်ကြားရပြီး ရှေ့တန်းစစ်မျက်နှာ ပို့ဆောင်ခံရကာ တိုက်ပွဲများအတွင်း သေဆုံးသူ အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တော်လှန်ရေးအင်အားစုတွေဆီ ပူးပေါင်းပါဝင်လာတဲ့ လူငယ်တွေ များစွာရှိသလို ပြည်ပထွက် အလုပ်လုပ်ကိုင်ကြတဲ့ လူငယ်တွေလည်း အမြောက်အများ ရှိနေခဲ့တာပါ။

 

ဒါ့ကြောင့် စစ်ကောင်စီက စစ်မှုထမ်းအရွယ်လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာမျိုးတွေ ပြုလုပ်လာတဲ့အပြင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကိုလည်း ကန့်သတ်မှုတွေ ပြုလုပ်လာတာကြောင့် ပြည်တွင်းရှိလူငယ်များ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေကြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်