ကလေးမှာ စက်သုံးဆီ အလုအယက်ဝယ်ယူနေကြလို့ ဆီဆိုင်တွေ ပိတ်လိုက်ရ စက်သုံးဆီတစ်ဂါလံ လေးသောင်းအထိ ဈေးတက်

Author ဆလိုင်း
Categories
Published on Nov 20, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကစပြီး စက်သုံးဆီအလုအယက်ဝယ်ယူနေကြတဲ့အတွက် ဒီကနေ့ နေ့လယ်ပိုင်းမှာ စက်သုံးဆီဆိုင်တွေ ပိတ်လိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စက်သုံးဆီလုပ်ငန်းရှင်တွေဆီ ပေးပို့ခဲ့တဲ့ စက်သုံးဆီခွဲတမ်း လုံးဝမချပေးတော့မယ့် မြို့ ၄၀ ကျော်စာရင်းထဲ ကလေးမြို့လည်းပါဝင်နေတဲ့အတွက် အခုလို စက်သုံးဆီ အလုအယက်ဝယ်ယူနေကြတာဖြစ်ပါတယ်။

 

“မနေ့ကတည်းကနေ စက်သုံးဆီဆိုင်အားလုံးမှာ လူတွေက စက်သုံးဆီတွေအလုအယက် ဝယ်ယူနေကြတယ်။ ဒီနေ့မနက် တချို့ဆိုင်တွေက မဖွင့်ဘဲ အရောင်းပိတ်ထားပါတယ်” လို့ အသက် ၃၀ နှစ်အရွယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါကြောင့် စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်နေကြတဲ့အတွက် စက်သုံးဆီတွေ အလုအယက်ဝယ်ယူနေကြတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

အခုလို စက်သုံးဆီတွေ ဝယ်ယူသူများပြားနေတဲ့အတွက် ယမန်နေ့က စက်သုံးဆီ တစ်ဂါလံ ၂၈,၀၀၀ ကျပ်ကနေ ဒီကနေ့မှာတော့ ၄၀,၀၀၀ ကျပ်အထိ စျေးတက်သွားတယ်လို့ သိရပါတယ်။

 

“စက်သုံးဆီ အလုအယက်ဝယ်ကြတာက မနေ့ကတည်းကပါ။ စျေးတော့ ဒီနေ့မနက်မှပဲ တက်တာဖြစ်တယ်။ လူတွေက ဂါလံပုံးတွေ၊ ဆီပေပါတွေနဲ့ ဝယ်ကြတော့ စျေးက တက်၊ ဆီကလည်း ကုန် ဖြစ်သွားတယ်” လို့ စက်သုံးဆီလိုက်လံဝယ်ယူနေတဲ့ အသက် ၂၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကလေးမြို့မှာ ဒီကနေ့မနက်ပိုင်းအထိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ရောင်းချနေပေမဲ့ နေ့လယ်ပိုင်းကစပြီး စက်သုံးဆီတွေကုန်သွားပြီဖြစ်တဲ့အတွက် ဝယ်ယူလို့မရတော့ဘူးလို့ သိရပါတယ်။

 

ချင်းက မြို့နယ်အားလုံးနဲ့ ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိုး၊ ခမ်းပက်၊ မိုင်းရယ်၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်၊ မိုးကုတ်၊ မြင်းခြံ စတဲ့မြို့နယ်တွေကို စက်သုံးဆီခွဲတမ်း ချပေးတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ကလေးမြို့ စက်သုံးဆီဆိုင်မှာ ဆီဝယ်ယူနေကြသူတွေကို တွေ့မြင်ရစဥ်