မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံဖြစ်လာ
မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ မြေမြုပ်မိုင်းနဲ့ စစ်အကြွင်းအကျန် ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံတွေထဲမှာ ဆီးရီးယားကို ကျော်တက်ပြီး ထိပ်ဆုံးကို ရောက်လာခဲ့တယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှု အဖွဲ့ရဲ့ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
Landmine Monitor 2024 လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု (၁,၀၀၃) ဦးရှိခဲ့ပြီး အရင်က သုံးနှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ ဆီးရီးယားကို ကျော်တက်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင် တော်လှန်မှု အရှိန်အဟုန် မြင့်တက်လာခဲ့တာကြောင့် စစ်ခေါင်းဆောင်တွေ အခြေစိုက်တဲ့ နေပြည်တော်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေ အားလုံးမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာရေးသားရာမှာ ပါဝင်ခဲ့တဲ့ သုတေသီ ဒေါက်တာ Yeshua Moser-Puangsuwan က ပြောပါတယ်။
ဒါ့အပြင် မြို့ပြဒေသတွေမှာ စစ်ကောင်စီနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေကို ပစ်မှတ်ထားတဲ့ အမှိုက်အိတ်တွေအတွင်း ဝှက်ထားတဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းတွေ တိုးပွားလာနေပြီး အမှိုက်သိမ်းသူတွေနဲ့ အမှိုက်တွေထဲကနေ ပြန်လည်ရောင်းချနိုင်တဲ့ စွန့်ပစ်ပစ္စည်းရှာဖွေသူတွေ (ပလုံကောက်သူတွေ) ထိခိုက်နိုင်တယ်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
စစ်တပ်အနေနဲ့လည်း မြေမြှုပ်မိုင်းရှိနိုင်တယ်လို့ ယူဆရတဲ့ နယ်မြေတွေမှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေပြီး သူတို့ထောင်ထားတဲ့ မိုင်းနင်းမိတဲ့ မွေးမြူရေး တိရိစ္ဆာန်တွေအတွက် စစ်တပ်က လျော်ကြေးငွေ တောင်းဆိုတာတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဥပမာ- မြေမြှုပ်မိုင်းနင်းမိတဲ့ နွားတစ်ကောင်အတွက် စစ်တပ်က ပိုင်ရှင်ဖြစ်သူကို လျော်ကြေးငွေ ၁၅ သိန်း တောင်းဆိုတဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဆီးရီးယား (၉၃၃)ဦး၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန် (၅၀၀ ကျော်) တို့ဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံတွေအဖြစ် မြန်မာနိုင်ငံနောက်မှာ အသီးသီး ရပ်တည်နေကြပါတယ်။
ဒါ့အပြင် ကမ္ဘာတစ်ဝန်းက မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေရဲ့ ၈၄ ရာခိုင်နှုန်းဟာ အရပ်သားတွေ ဖြစ်ကြပြီး ကလေးငယ်တွေက ၃၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
အခုအစီရင်ခံစာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်ကရော တော်လှန်ရေးအစိုးရ ဖြစ်တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဘက်ကပါ မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့တာမျိုး မရှိသေးပါဘူး။
ဓာတ်ပုံ- စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ပုံစာ – ဒီနှစ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ စလင်းမြို့နယ်ရှိ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ဒေသခံ PDF တွေ ရှင်းလင်းထားစဉ်
ကိုးကား- The Guardian