တရုတ်က အခိုင်အမာ ရပ်တည်နေတယ်လို့ စစ်ခေါင်းဆောင် ကြွားလုံးထုတ်

Author လဂွန်းအိမ်
Categories
Published on Nov 20, 2024

အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင် တရုတ်နိုင်ငံကို ငါးရက်ကြာသွားရောက်တဲ့ ခရီးစဉ်မှာ တရုတ်အနေနဲ့  စစ်ကောင်စီဘက်မှာ အခိုင်အမာ ရပ်တည်နေသလို ခရီးစဉ်ဟာလည်း အောင်မြင်ခဲ့တယ်လို့ ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီ အစည်းအဝေးတစ်ခုမှာ ထုတ်ပြောခဲ့ပါတယ်။

 

အဲ့ဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ဟာ မဟာမဲခေါင်ဒေသခွဲ အစည်းအဝေး (The Greater Mekong Sub-region ) အစည်းအဝေးတက်ရောက်တဲ့ ဝန်ကြီးချုပ်တွေထဲ သူနဲ့သာ သီးခြားတွေ့ဆုံခဲ့တယ်လို့ ကြွားလုံးထုတ်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေတယ်လို့ ဆိုပြီး တရုတ်-မြန်မာနယ်စပ်ဒေသ ကုန်သွယ်ရေးဂိတ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုကိုသာ  တရုတ်နိုင်ငံဘက်က အားပေးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

 

ဒါ့အပြင် ချုံချင့် မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး၊ ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးနဲ့ တွေဆုံခဲ့တဲ့အပြင် GMS အစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံတွေက ဝန်ကြီးချုပ်တွေနဲ့လည်း သီးခြား တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

 

GMS အစည်းအဝေးကို တက်ရောက်လာတဲ့ အရှေ့တောင်အာရှနိုင်ငံ လေးနိုင်ငံက ဝန်ကြီးချုပ်တွေကို  ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတာတွေကိုလည်း ပြောဆိုခဲ့ပြီး EAO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ သဘောတူဆွေးနွေးချက်တွေ ရရှိထားတယ်လို့ စစ်ဌာနချုပ်အပါအဝင် စစ်စခန်းပေါင်းများစွာ လက်လွှတ်ခဲ့ရတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

 

ဒါ့အပြင် NCA သဘောတူ စာချုပ်အတိုင်း အတတ်နိုင်ဆုံးရအောင် ထိန်းသိမ်းဆောင်ရွက်နေတယ်လို့လည်း နိင်ငံလေးနိုင်ငံက အကြီးအကဲတွေကို စစ်ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။

 

ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော်မှာ ဖော်ဆောင်နိုင်ဖို့ လုပ်ဆောင်နေပြီး သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းကို နိုင်ငံ့လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ကာ ဒီနှစ်အကုန်ပိုင်းမှာ အပြီးသတ် ကောက်ယူနိုင်မယ်လို့  စစ်ခေါင်းဆောင်က ဆိုပါတယ်။

 

ဒါ့အပြင် ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစနစ် (Myanmar Electronic Voting Machine) စနစ်နဲ့ မဲပေးရမှာဖြစ်ပြီး ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းလိုက်ခွဲပြီး ပြုလုပ်နိုင်တယ်လို့ဆိုကာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမယ်လို့လည်း ကြွေးကြော်ထားပါတယ်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာတော့ ရှေ့မရောက်ဖြစ်နေတယ်လို့ ဝန်ခံခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ သုံးစွဲရမဲ့ ငွေကြေးတွေကို ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးတွေမှာ အသုံးပြုနေရတယ်လို့ တရုတ်ခရီးစဉ်အပြီး ဗုံးကြဲမှုတွေ ခပ်စိပ်စိပ်လုပ်ထားတဲ့ စစ်ခေါင်းဆောင်က ဆင်ခြေပေးထားပါတယ်။

 

လက်ရှိမှာ ရှမ်းမြောက်ကို “ဝ” တပ် အပါအဝင် MNDAA နဲ့ TNLA တို့က ထိန်းချုပ်ထားပြီး ကချင်ပြည်မှာလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ စစ်စခန်းတွေကို သိမ်းပိုက်နေကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ရခိုင်ပြည်က အမ်းမြို့ကိုလည်း အာရက္ခတပ်တော် (AA) က ဝန်းရံပိတ်ဆို့ ကာတိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဟာ လေကြောင်းအပါအဝင် မြေပြင်မှာလည်း အပြင်းအထန်ခုခံနေရဆဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် တရုတ်နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံဘက်က အကုန်နီးပါးပိတ်ထားပြီး ကချင်ပြည်ရှိ တရုတ်နယ်စပ်ဂိတ်တွေကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တန်ပြန်ပိတ်ထားလို့ မြေရှားသတ္တုတွေ တရုတ်နိုင်ငံထဲ မသွင်းနိုင်ဘဲ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Pro SAC

 

ပုံစာ – စစ်ကောင်စီအစည်းအဝေးကို တွေ့ရစဉ်