ဒီဇင်ဘာပိတ်ရက်အတွက် ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေက ဟိုတယ်တွေ ဘိုကင်ပြည့်နေ

Author ကိုထက်
Categories
Published on Nov 20, 2024

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေက ဟိုတယ်တွေမှာ လာမယ့် ဒီဇင်ဘာပိတ်ရက်ရှည်အတွက် ဘိုကင်တွေပြည့်နေပြီလို့ ဟိုတယ်ဝန်ထမ်းတွေနဲ့ ဧည့်လမ်းညွှန်တွေဆီကနေ သိရပါတယ်။

 

ရန်ကုန်က ဘိုကင်အများဆုံးယူတာဖြစ်ပြီး ပိတ်ရက်နားနီးမှယူပါက ‌အခန်းခဈေးတက်လေ့ရှိတာကြောင့် အခုရက်ပိုင်းတွေကတည်းက ကြိုယူကြတာလို့ ချောင်းသာကမ်းခြေက ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

“ကျွန်တော်တို့ဟိုတယ်ဆို ပြည့်သလောက်ဖြစ်နေပြီ။ တခြားဟိုတယ်တွေလည်း ဘိုကင်တွေတော်တော်များများပြည့်နေပြီ” လို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ပိတ်ရက်တွေအတွင်းမှာလည်း ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေကို ခရီးသွားလာရောက်မှု အလွန်များခဲ့တယ်လို့ အဲဒီကဧည့်လမ်းညွှန်တွေဆီကနေ သိရပါတယ်။

 

“နောက်လဆို ဒီဇင်ဘာရှိမယ်၊ နှစ်သစ်ကူးရှိမယ်လေ။ အခုကာလက ပိတ်ရက်တွေကဆက်နေ‌တော့လာကြတာပေါ့။ ကျွန်တော်သိရသလောက်တော့ ချောင်းသာကဟိုတယ်တော်တော်များများ ဘိုကင်ပြည့်နေပြီ” လို့ ချောင်းသာကမ်းခြေက ဧည့်လမ်းညွှန်အမျိုးသားက ပြောပါတယ်။

 

လတ်တလော ခရီးသွားလာရင် လမ်းခရီးမှာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေကလွဲလို့ ကျန်နေရာတွေမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေရှိပေမဲ့ သွားလာလို့ရတယ်လို့ ရန်ကုန်ကနေ ခရီးသွားလာခဲ့သူတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်တွေကလည်း ရေဘေးကြောင့် အင်းလေး-ကလောဘက်ကို ခရီးသွားလာမှုမရှိခဲ့ဘဲ စစ်ဘေးနဲ့ သဘာဝဘေးကင်းတဲ့ ချောင်းသာ၊ ငွေဆောင်၊ ပုဂံဒေသတွေကိုသာ ခရီးသွားလာမှုများခဲ့တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်တပ်အာဏာ မသိမ်းခင်နဲ့ ကိုဗစ် ၁၉ ရောဂါကာလ မတိုင်ခင်က မြန်မာနိုင်ငံမှာ ပြည်တွင်းခရီးသွားလာမှု တစ်နှစ်ကို အယောက် ခုနစ်သန်းထိ ရှိခဲ့ပါတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ချောင်းသာကမ်းခြေက ဟိုတယ်တစ်ခုကိုတွေ့ရစဉ်