ယူကရိန်းက အမေရိကန်ပေးထားတဲ့ တာဝေးပစ်ဒုံးတွေနဲ့ ရုရှားနယ်မြေတွေထဲ ပစ်ခတ်

Author CJ Platform
Categories
Published on Nov 20, 2024

ယူကရိန်းစစ်တပ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲရက်ပေါင်း ၁,၀၀၀ ပြည့်တဲ့ ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ခွင့်ပြုချက်ရထားတဲ့ တာဝေးပစ်ဒုံး ATACMS တွေကို အသုံးပြုပြီး ရုရှားနယ်မြေအတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

တာဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်မှုဟာ ဘရဲ့ရန်စ်ခ် ဒေသမှာရှိတဲ့ လက်နက်တိုက်တစ်ခုကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ရုရှားနယ်စပ်ကနေ ကီလိုမီတာ ၁၁၀ အကွာအဝေးအထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

ရုရှားဘက်ကလည်း ယူကရိန်းတို့ဟာ ယမန်နေ့ မနက်ပိုင်း ဒေသစံတော်ချိန် ၃ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ ကန်က ပေးထားတဲ့ တာဝေးပစ်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုကာ အဲဒီ ခြောက်လုံးထဲက ငါးလုံးကို ပစ်ချနိုင်ခဲ့တယ်လို့ဆိုပြီး  ကျန်တစ်လုံးရဲ့ အပိုင်းအစတွေက စစ်အခြေစိုက်စခန်းပေါ် ကျရောက်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားပေမဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

 

ဒါပေမဲ့ အမေရိကန်အရာရှိ တစ်ဦးကတော့ ရုရှားတို့ဟာ တာဝေးပစ်ဒုံး ရှစ်လုံးထဲက နှစ်လုံးကိုသာ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆားဂျီလာဘရော့ဗ်က ATACMS တာဝေးပစ်ဒုံးတွေ အသုံးပြုတာဟာ အနောက်နိုင်ငံတွေရဲ့ ပဋိပက္ခကို ပိုမိုဆိုးရွားစေလိုတဲ့ သဘောထားဖြစ်တယ်လို့ အသိပေးပါတယ်။

 

တာဝေးပစ်ဒုံးတွေဟာ အမေရိကန်ရဲ့ တိုက်ရိုက်ထောက်ပံ့မှုမရှိဘဲ အသုံးပြုလို့ ရနိုင်မှာ မဟုတ်တဲ့အတွက် အမေရိကန်ကို စစ်ပွဲမှာ တိုက်ရိုက်ပါဝင်သူအဖြစ် သတ်မှတ်ပြီး လက်တုံ့ပြန်သွားမယ်လို့လည်း ရုရှားဘက်က သတိပေးထားပါတယ်။

 

ယမန်နေ့မှာပဲ ရုရှားသမ္မတပူတင်ဟာ အရင်က နယ်မြေပိုင်နက်တွေ ခြိမ်းခြောက်မှုအတွက် နျူးကလီးယားလက်နက် အသုံးပြုနိုင်တဲ့ အခြေအနေကို လျှော့ချထားတဲ့ နျူးကလီးယားလက်နက် အသုံးပြုမှုဆိုင်ရာ မူဝါဒအသစ်ကို လက်မှတ်ရေးထိုးပြီး အမေရိကန်ဘက်ကို သတိပေးခေါင်းလောင်း ထိုးခဲ့ပါတယ်။

 

စစ်ရေးကျွမ်းကျင်သူတွေကတော့ အခုလို တာဝေပစ်ဒုံးတွေ အသုံးပြုခြင်းဟာ သုံးနှစ်နီးပါးကြာနေတဲ့ စစ်ပွဲအပေါ် အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်မှာ မဟုတ်ဘူးလို့လည်း သုံးသပ်ထားကြပါတယ်။

 

ယမန်နေ့မှာ တာဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်မှုနဲ့အတူ ဒရုန်းတွေကိုပါ အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး အနည်းဆုံး ပြည်နယ် ရှစ်ခုမှာ ဒရုန်း ၄၂ စင်းကို ပစ်ချနိုင်ခဲ့ကာ ဘရဲ့ရန်စ်ခ် ဒေသတစ်ခုထဲမှာပဲ ၃၂ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

လာမယ့်နှစ်မှာ အမေရိကန်သမ္မတအသစ် ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ကတော့ လက်ရှိ အမေရိကန်က ယူကရိန်းဘက်ကို ပေးအပ်နေတဲ့ အကူအညီပမာဏနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုထားသလို စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်မယ်လို့လည်း ပြောဆိုထားဖူးပါတယ်။

 

ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ အတိအကျ ပြေဆိုထားတာတွေ မရှိပေမဲ့ ထရမ့်သမ္မတဖြစ်လာပြီးနောက်တော့ စစ်ပွဲရပ်ဆိုင်းဖို့ တွန်းအားပေး လုပ်ဆောင်လာနိုင်တယ်လို့ ရုရှားရော ယူကရိန်းကပါ မျှော်လင့်နေပါတယ်။

 

လက်ရှိမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် သဘောတူညီမှု တစ်စုံတစ်ရာ မရရှိသေးတဲ့အပြင်  နှစ်ဘက်စလုံးက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြပြီး ယူကရိန်းပိုင်နက် ၂၀ ရာခိုင်နှုန်းကို ရုရှားတို့ဘက်က ထိန်းချုပ်ထားပါတယ်။

 

ကုလသမဂ္ဂ (UN) ရဲ့ အဆိုအရ ပြီးခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲ ရက်ပေါင်း ၁,၀၀၀ အတွင်း အရပ်သား ၁၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၇,၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ကာ ကလေးငယ် ၂,၄၀၀ ကျော် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယူကရိန်းနိုင်ငံသား ခြောက်သန်းကျော်ဟာ ဒုက္ခသည်တွေအဖြစ် နိုင်ငံရပ်ခြားမှာ ခိုလှုံနေရပြီး နိုင်ငံရဲ့ လူဦးရေဟာလည်း စစ်ပွဲမတိုင်ခင်ထက် လေးပုံတစ်ပုံ လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။

 

ဓာတ်ပုံ- The  Express Tribune

 

ပုံစာ- ATACMS တာဝေးပစ်ဒုံးကို မြေပြင်ကနေ ပစ်ခတ်နေပုံ (ပုံအဟောင်း)

 

ကိုးကား- Reuters