“ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်” တိုင်းနဲ့ ပြည်နယ် ငါးခုမှာ နေရာကွက်ကျား မိုးရွာနိုင်

Published on Nov 20, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ နေပြည်တော်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ နေရာကွက်ကျား မိုးရွာမယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ထူးခြားဖြစ်စဉ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း မန်ရီ(MAN-YI)ဟာ အနောက်တောင်ဘက်ကို ရွေ့လျားပြီး ဒီကနေ့ညနေပိုင်းမှာ အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

မုတ်သုံမျဉ်းက အီကွေတာမြောက်ဘက်ကနေ တောင်ဘက်ကို ဆက်လက်ဆင်းနေချိန်အတွင်း တနင်္သာရီတိုင်းက ကော့သောင်းမြို့မှာတော့ ဒီဇင်ဘာလဆန်းပိုင်းအထိ မိုးအသင့်အတင့် ဆက်ရွာနေမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ယမန်နေ့ည ခန့်မှန်းထားချက်အရ သိရပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နိုဝင်ဘာလ လကုန်ရက်ပိုင်းတွေအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ချေရှိတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော် အနောက်ဘက် အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ သီရိလင်္ကာကျွန်းဘက်ကို ဆက်လက်ရွေ့လျားသွားမှာဖြစ်တာကြောင့် မြန်မာပြည်ဘက်ကို သက်ရောက်နိုင်ချေ မရှိဘူးလို့ ယမန်နေ့ ညပိုင်းခန့်မှန်းထားချက်အရ သိရပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေကနေ ခုနစ်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ