စစ်ကောင်စီနဲ့ ကိုးကန့်တပ် တရားဝင် အပစ်ရပ်လိုက်ပြီလို့ တရုတ်အစိုးရပြော

ရှမ်းမြောက်၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ရရှိထားတဲ့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ်တို့ကြား တရားဝင်အပစ်ရပ်ဖို့ သဘောတူညီမှုရသွားပြီလို့ တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်းက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြောလာပါတယ်။
ဒီအပစ်ရပ်သဘောတူချက်ဟာ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ ၁၈ ရက်နေ့က စတင်အသက်ဝင်ခဲ့တာကြောင့် တရုတ်-မြန်မာနယ်စပ်အနီးတိုက်ပွဲတွေ ရပ်တန့်သွားပြီလို့ ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။
တရုတ်အစိုးရကြားဝင်စေ့စပ်မှုနဲ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တပ်တို့ရဲ့ ဇန်နဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တို့က တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်းမြို့မှာ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကြိုးပမ်းပေးမှုအတွက် တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ မစ္စ မော်နင်းက ပုံမှန်ပြုလုပ်တဲ့သတင်းရှင်းလင်းပွဲအတွင်း ပြောပါတယ်။
ဒါပေမဲ့ သဘောတူညီချက်အသေးစိတ်နဲ့ပတ်သက်ပြီးတော့ သူမက ထုတ်ပြောသွားတာမျိုးမရှိပါဘူး။ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဘက်ကလည်း ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မလုပ်သေးပါဘူး။ CJ Platform အနေနဲ့လည်း နှစ်ဖက်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
မြန်မာနောင်းမ်သတင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း စစ်တပ်ရဲ့ အရှေ့မြောက်ပိုင်းစစ်ဌာချုပ်အခြေစိုက်ခဲ့တဲ့ လားရှိုးမြို့က ကိုးကန့်တပ်များ ဒီနှစ် ၂၀၂၅၊ ဇွန်လမှာ ပြန်လည်ဆုတ်ခွာပေးရမယ်လို့ တရုတ်နိုင်ငံနဲ့ မြန်မာထဲက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။
ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပထမအကြိမ်ဆွေးနွေးမှုအဖြစ် ကူမင်းမြို့မှာပဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ နဲ့ ၁၆ ရက်နေ့တို့မှာပြုလုပ်ခဲ့ပေမဲ့ ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။
အဲဒီဆွေးနွေးပွဲအတွင်း လားရှိုးမြို့ကနေ ကိုးကန့်တပ်တွေ တစ်ဆင့်ချင်းပြန်လည်ဆုတ်ခွာဖို့၊ ကိုးကန့်တပ်ဖမ်းထားတဲ့ စစ်သုံ့ပန်းတပ်မှူးနဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့၊ လားရှိုး-ကွမ်လုံ-ချင်းရွှေဟော် နယ်စပ်ဂိတ်တွေ လမ်းကြောင်းပြန်ဖွင့်ဖို့တောင်းဆိုခဲ့ပါတယ်။
ကိုးကန့်တပ်ဘက်ကတော့ လားရှိုးကို ရှမ်းပြည်အထူးဒေသ(၁)ထဲ ထည့်သွင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ရောက်ရာနေရာကနေအပစ်ရပ်ပြီး တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ဆွေးနွေးမယ်လို့ ကိုးကန့်တပ် MNDAA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာ ၃ ရက်နေ့တို့မှာ ကြေညာချက်နှစ်ကြိမ်အထိ ထုတ်ခဲ့ပါတယ်။
အဲဒီနောက် တရုတ်ဖိအားရှိနေတဲ့ တအာင်းတပ် TNLA အပြင် ရခိုင်ပြည်တစ်ခုလုံးနီးပါး သိမ်းထားနိုင်တဲ့ အာရက္ခတပ်တော် AA တို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အပစ်ရပ်မယ့်အကြောင်း သဘောထားထုတ်ပြန်ထားကြပါတယ်။