ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီး မူဝါဒအပြောင်းအလဲ အများအပြား လုပ်မယ်

Author CJ Platform
Categories
Published on Jan 20, 2025

အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ၄၇ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး သမ္မတအဖြစ် စတင်တာဝန်ယူပြီး တဲ့နောက်မှာ မူဝါဒပိုင်းဆိုင်ရာတွေ အပြောင်းအလဲ ကြီးကြီးမားမား လုပ်သွားနိုင်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။

 

ထရန့်ဟာ သူရဲ့ နောက်ထပ်လေးနှစ်သက်တမ်းမှာ အုပ်ချုပ်ရေးအာဏာ ကန့်သတ်ချက်တွေကို တွန်းအားပေးဖို့၊ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို မောင်းထုတ်ဖို့၊ သူ့ရဲ့ နိုင်ငံရေးရန်ဘက်တွေကို ပြစ်ဒဏ်ခတ်ဖို့နဲ့ ကမ္ဘာ့ဇာတ်ခုံမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ‌ပြောင်းလဲဖို့ ကတိပြုထားပါတယ်။

 

ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ စွပ်စွဲပြစ်တင်မှုနှစ်ခု၊ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရမှု တစ်ခုနဲ့ သတ်ဖြတ်ဖို့ ကြံစည်ခံရမှု နှစ်ကြိမ် ကြုံတွေ့ခဲ့ပြီးနောက်မှာ သမ္မတသစ်အဖြစ် ပြန်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ကျမ်းသစ္စာကျိန်ဆိုပွဲဟာ ဒီကနေ့ ဂရင်းနစ်စံတော်ချိန် ငါးနာရီ (မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ) မှာ ဝါရှင်တန်ဒီစီက ကာပီတယ် အဆောက်အအုံထဲက လွှတ်တော်ထဲမှာ ကျင်းပမှာဖြစ်ပြီး ရာသီဥတုက အေးလွန်းတာကြောင့် ကျမ်းသစ္စာကျိန်ဆိုပွဲကို အပြင်မှာ မကျင်းပတော့ဘဲ နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်ထဲမှာ ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ကာပီတယ်အဆောက်အအုံဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က ဘိုင်ဒင်ကို ရှုံးနိမ့်ပြီးနောက်မှာ ထရမ့်ကို ထောက်ခံသူတွေက  ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့မှာ ဝင်ရောက်စီးနင်းဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။

 

ထရမ့်က ဇန်နဝါရီလ ၆ ရက်နေ့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံထားရတဲ့ လူပေါင်း ၁၅၀၀ ကျော်ကို သမ္မအဖြစ် စတင်တာဝန်ယူတဲ့နေ့မှာပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ပြောထားပါတယ်။

 

ဒါ့အပြင် ထရမ့်ဟာ ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ လူဝင်မှုကြီးကြပ်ရေး၊ စွမ်းအင်နဲ့ အခွန်အကောက်စတာတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲရေးညွှန်ကြားချက်တွေကိုလည်း လက်မှတ်ထိုးသွားဖို့ ရှိနေပါတယ်။

 

ဝါရှင်တန်မှာ ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ လူထုစည်းဝေးပွဲမှာ ထရမ့်က သူ့ရဲ့သမ္မတ ပထမဆုံးနေ့မှာ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်တွေကို ပြင်းပြင်းထန်ထန် ချမှတ်သွားမယ်လို့ ကတိပြုပါတယ်။

 

ထရမ့်ဟာ ဖက်ဒရယ်အစိုးရကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

 

ရီပတ်ဘလီကန်ပါတီက ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ ဒီမိုက်ကရက်တစ်ပါတီရဲ့ သမ္နတလောင်း ကမ်မလာဟဲရစ်ကို မဲ နှစ်သန်းကျော်အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ၁၉ ရာစုနောက်ပိုင်း  သမ္မတ ပထမသက်တမ်း တာဝန်ထမ်းဆောင်ပြီးနောက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကာ ဒုတိယသက်တမ်းကို ပြန်လည်အနိုင်ရရှိခဲ့တဲ့ ပထမဦးဆုံး သမ္မတလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – REUTERS/Carlos Barria

 

ပုံစာ- ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ဗာဂျီးနီးယားပြည်နယ် အာလင်တန်မှာပြုလုပ်တဲ့

လွမ်းသူ့ပန်းခွေချ အခမ်းအနားကို ရွေးကောက်ခံသမ္မတ ထရမ့်က ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တက်ရောက်ခဲ့စဉ်

 

ကိုးကား – Reuters

 

Related News

Depend on news